ရုရှားပြည်သူများက ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတပူတင်ကို ထောက်ခံကြလိမ့်မည်ဟု တရုတ်သမ္မတရှီကျင့်ဖျင် ပြောကြား

By Reuters
22 March 2023
ရုရှားပြည်သူများက ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတပူတင်ကို ထောက်ခံကြလိမ့်မည်ဟု တရုတ်သမ္မတရှီကျင့်ဖျင် ပြောကြား

ရုရှားသမ္မတက ရွေးကောက်ပွဲကို နောက်တစ်ကြိမ် ဝင်ပြိုင်မည့်အစီအစဉ် ရှိ၊ မရှိ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးသော်လည်း တရုတ်သမ္မတ  ရှီကျင့်ဖျင်က ရုရှားနိုင်ငံသားများသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပူတင်ကိုထောက်ခံကြလိမ့်မည်ဟု ယုံကြည်ကြောင်း မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။ 

သမ္မတဟောင်းဘောရစ်ယဲ့လ်ဆင် ရာထူးမှနှုတ်ထွက်ပြီးနောက် ၁၉၉၉ ခုနှစ် နောက်ဆုံးနေ့တွင် အာဏာရလာခဲ့သည့် ပူတင်သည် ဂျိုးဇက်ဖ်စတာလင်နောက်ပိုင်း ရုရှားတွင် သက်တမ်း အရှည်ဆုံးခေါင်းဆောင်ဖြစ်သည်။
"ရုရှားသမ္မတရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ မိမိသိရှိထားပါတယ်" ဟု ရှီကျင့်ဖျင်က ပူတင်ကို ပြောကြားခဲ့သည်။

"အဆွေတော်ရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုအောက်မှာ ရုရှားဟာ သာယာဝပြော ဖွံ့ဖြိုးတိုးတက်အောင် ကြီးကြီးမားမား ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရုရှားပြည်သူတွေက အဆွေတော်ကို ခိုင်ခိုင်မာမာ ဆက်လက် ထောက်ခံသွားမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။

လာမည့်နှစ် ရွေးကောက်ပွဲတွင် ပူတင်ပါဝင်မည်ဟု ရှီက အတိအကျ မပြောခဲ့ကြောင်း  ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ချက်ခြင်း ထောက်ပြခဲ့သော်လည်း ပူတင်အပေါ် ရုရှားပြည်သူများ၏ ထောက်ခံမှုကို  ရှီက ယုံကြည်မှုရှိနေကြောင်းကို ရုရှားအစိုးရက သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။

ပူတင်သည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲပြီးနောက် ရုရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် မငြိမ်သက်မှုများကို အဆုံးသတ်ရန် ကတိကဝတ်ပြုခဲ့သော်လည်း ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုသည် ၎င်းသက်တမ်းတစ်လျှောက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်ခဲ့သည်။

ယူကရိန်းကို တစ်နှစ်ကျော်ကြာ ကျူးကျော်စဉ်အတွင်း ယူကရိန်းကလေးငယ်များအား ရုရှားသို့ ပို့ဆောင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က မတ်လ ၁၇ ရက်တွင် ပူတင်အား ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက်ပိုင်း ရှီကျင့်ဖျင်သည် ရုရှားသမ္မတနှင့် တွေ့ဆုံသည့် ပထမဆုံး နိုင်ငံ့ခေါင်းဆောင်ဖြစ်သည်။ 

ရုရှားက အဆိုပါ စွဲချက်သည် အတိအလင်း ရန်စသည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေနှင့် တရားသူကြီးများကို ရာဇဝတ်မှုဖြင့် အမှုပြန်ဖွင့်ထားကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဖမ်းဝရမ်းသည် လိုတစ်မျိုး၊ မလိုတစ်မျိုး သဘောထားကို ထင်ဟပ်စေသည်ဟု တရုတ်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly