တပ်မ(၄၄) ဌာနချုပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ 

By ဂျူချန်း (မဇ္ဈိမ)
21 March 2023
တပ်မ(၄၄) ဌာနချုပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ တပ်မ(၄၄) ဌာနချုပ််တွင်းသို့ KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ဒရုန်းဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းမှ သိရသည်။ 

ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တပ်မ(၄၄) ဌာနချုပ်တွင်းသို့ မတ်လ ၂၁ ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်ခန့်တွင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့၊ Kyaikhto Revolution Force-(KRF)၊ Thaton People Defense Force-(TPDF)  Drone Unit တို့မှ ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ရာ တပ်မဌာနချုပ်ရုံးနှင့် တပ်မမှူးအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး ၁၀ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။ 

“မစ်ရှင်ပြီးတဲ့ချိန် သူတို့ပြန်ပစ်တာ လောလောဆယ်် ရွာတွေထဲကျတာတော့ မရှိသေးဘူး။ ၁၀လုံးလောက်တော့ ရှိမယ် သူတို့ပစ်တာ။ ကျနော်တို့ကတော့ အခုချိန်ထိ စစ်ကောင်စီတပ်ကိုပဲ ပစ်မှတ်ထားတိုက်ခိုက်ပြီး သူတို့ မိသားစုဝင်တွေကို တိုက်ခိုက်တာမျိုး မလုပ်ပါဘူး။ ဒါပေမယ့် စကစတပ် ကတော့ ပြည်သူတွေရဲ့ အသက်ကို မငဲ့ဘူး” ဟု ကိုအေးမင်းထွန်းက မဇ္ဈိမ ကိုပြောသည်။ 

အဆိုပါတပ်မ(၄၄) ဌာနချုပ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း KRF နှင့် TPDF များမှလည်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ယမန်နေ့ မတ်လ ၂၀ ရက်နေ့ တွင် ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ကျေးရွာ အထက်စုပိုင်းတွင် နေထိုင်သည့် ဦးကုလားနှင့် သားဖြစ်သူ ကိုအောင်လွင်တို့မှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကာ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိထားသေးကြောင်း ဆိုသည်။ 

လွန်ခဲ့သည့် မတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာမှ အသက်ခြောက်နှစ်အရွယ် စောဖိုးသင်္ကြန် ဦးခေါင်းဒဏ်ရာရကာ နေရာ၌ပင် သေဆုံးခဲ့ရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly