ပထဝီနိုင်ငံရေးအရ စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် တရုတ်က သီရိလင်္ကာတွင် ရေနံချက်စက်ရုံ ရင်းနှီးမြှုပ်နှံရန် ကတိပြု

By ANI  
21 March 2023
ပထဝီနိုင်ငံရေးအရ စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် တရုတ်က သီရိလင်္ကာတွင် ရေနံချက်စက်ရုံ ရင်းနှီးမြှုပ်နှံရန် ကတိပြု

တရုတ်ပိုင်ရေနံချက်စက်ရုံကုမ္ပဏီ Sinopec က သီရိလင်္ကာတောင်ပိုင်းရှိ ဟမ်ဘာတိုတာခရိုင်တွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု သီရိလင်္ကာသမ္မတ ရာနေလ်ဝစ်ကရီမီဆင်းဂေးလ်နှင့် တွေ့ဆုံစဉ် ကတိပြုခဲ့ကြောင်း သမ္မတ၏ မီဒီယာဌာန (PMD) က ထုတ်ပြန်သည်။

သီရိလင်္ကာ၏အနီးဆုံးအိမ်နီးချင်း အိန္ဒိယနှင့် အမေရိကန်တို့က လုံခြုံရေးအတွက် စိုးရိမ်မှုများမြင့်တက်လျက်ရှိပြီး တရုတ်က သီရိလင်္ကာဆိပ်ကမ်းများနှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေစဉ် ရေနံချက်စက်ရုံ၌ ရင်းနှီးမြှုပ်နှံမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်တွင် ရာနေလ်ဝစ်ကရီမီဆင်းဂေးလ်က တရုတ်ကတည်ဆောက်ခဲ့သော ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ဆိပ်ကမ်းကို တရုတ်နိုင်ငံပိုင် ကုမ္ပဏီများထံ ၉၉ နှစ် အငှားစာချုပ်ဖြင့် ငှားရမ်းခဲ့သည်။

ဆိပ်ကမ်းအနီးတစ်ဝိုက်တွင် ဧက ၁၅၀ဝ ကျယ်ဝန်းသော စက်မှုဇုန်တစ်ခု တည်ထောင်မည့် တရုတ်၏ အစီ အစဉ်မှာလည်း အကောင်အထည်မပေါ်သေးကြောင်း Economy Next က ဖော်ပြခဲ့သည်။

Sinopec အဖွဲ့ကိုယ်စားလှယ်များနှင့် သီရိလင်္ကာသမ္မတ ရာနေလ်ဝစ်ကရီမီဆင်းဂေးလ်တို့သည် မတ်လ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း PMD က ဖော်ပြခဲ့သည်။ 

အစိုးရသည် လောင်စာဆီဖြန့်ဖြူးမှုကို တိုးချဲ့ရေးအတွက် ဟမ်ဘာတိုတာကို အဓိက စွမ်းအင်အချက်အချာ အဖြစ် သတ်မှတ်ခဲ့ပြီး အစိုးရသည် အခြေခံကျသော ဆုံးဖြတ်ချက်တစ်ရပ်ကို လုပ်ဆောင်ခဲ့ကြောင်း သမ္မတ ရာနေလ်ဝစ်ကရီမီဆင်းဂေးလ်က ပြောကြားခဲ့သည်ဟု PMD မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထရမ်ကိုမာလီခရိုင်၏ အရှေ့ပိုင်း ဆိပ်ကမ်းတွင် တောင်အာရှ၏ စွမ်းအင်အချက်အချာတစ်ခု ဖော်ဆောင်ရေးအတွက် သီရိလင်္ကာက အိန္ဒိယကို တိုက်တွန်းထားသည်။

တရုတ်ရေနံဓာတုကော်ပိုရေးရှင်းဖြစ်သည့် Sinopec သည် ကမ္ဘာ့အကြီးဆုံးရေနံချက်ကုမ္ပဏီနှင့် တတိယအကြီးဆုံး ဓာတုဗေဒကုမ္ပဏီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly