ကုလသမဂ္ဂက အာဖဂန်နစ္စတန်အတွက် အကူအညီပေးရေးကို  ၁ နှစ် သက်တမ်းထပ်တိုးပေး 

By Guardian
21 March 2023
ကုလသမဂ္ဂက အာဖဂန်နစ္စတန်အတွက် အကူအညီပေးရေးကို  ၁ နှစ် သက်တမ်းထပ်တိုးပေး 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့ (UNAMA) ကို မတ် ၁၆ ရက်တွင် နောက်ထပ် ၁ နှစ်သက်တမ်းတိုးပေးလိုက်ပြီး တာလီဘန်အုပ်ချုပ်သောနိုင်ငံ၌ ၎င်းတို့၏ လုပ်ငန်းများကို အကောင်းဆုံး ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အကြံပြုချက်များ တောင်းခံထားသည်။

အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လုံခြုံရေးကောင်စီသည် အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့က ရေးဆွဲထားသည့် ဆုံးဖြတ်ချက် ၂ ခုကို တညီတညွတ်တည်း အတည်ပြုကြသည်။

ပထမအချက်မှာ အာဖဂန်ကို တာလီဘန်များ သိမ်းပိုက်ပြီးကတည်းက နိုင်ငံအတွင်း၌ ရပ်တည်ခဲ့သော UNAMA အဖွဲ့နှင့် အခြားသော ကုလသမဂ္ဂအဖွဲ့အစည်းများ ဆက်လက်တည်ရှိခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြခဲ့ကြသည်။ 

ကုလသမဂ္ဂအကူအညီပေးရေးအဖွဲ့ (UNAMA) အား အာဖဂန်၌ ၂၀၂၄ ခုနှစ် မတ် ၁၇ ရက် အထိ ထားရှိမည့်  ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် အာဖဂန်နစ္စတန်၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ဟူသော UNAMA ၏ ယမန်နှစ်က သန္နိဋ္ဌာန်ကို အပြောင်းအလဲဖြစ်စေမည်မဟုတ်ပေ။ 

ဒုတိယအချက်အနေဖြင့် နိုင်ငံတွင်း အခြေအနေကို အလွတ်သဘော စုပေါင်းအကဲဖြတ်မှု ပြုလုပ်ရန်နှင့် လုံခြုံရေးကောင်စီသို့ နိုဝင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား တောင်းဆိုထားသည်။ အဆိုပါ အကဲဖြတ်မှုတွင် နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စုပေါင်းချဉ်းကပ်မှုတစ်ခုကို ရှေးရှုသည့် အကြံပြုချက်များ ပါဝင်မည်ဖြစ်သည်။

အကဲဖြတ်မှုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ၊ လူ့အခွင့်အရေးနှင့် အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ ရပိုင်ခွင့်များ၊ ဘာသာရေးနှင့် တိုင်းရင်းသား လူနည်းစုများ၊ လုံခြုံရေးနှင့် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ဆွေးနွေးမှု၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အချက်အလက်များ ပါဝင်သင့်သည်ဟု လုံခြုံရေးကောင်စီက ဆိုသည်။ 

"အားလုံးသိကြတဲ့အတိုင်း အာဖဂန်နစ္စတန်ရဲ့ အခြေအနေဟာ စိန်ခေါ်မှုကြီးမားနေပြီး ကျွန်တော်တို့ရဲ့ ရွေးချယ်ခွင့်တွေက တကယ့်ကို အကန့်အသတ်တွေ ရှိနေပေမယ့် လက်ရှိအနေအထားအတိုင်း ရေရှည်မသွားပါဘူး" ဟု ကုလသမဂ္ဂဆိုင်ရာ ယူအေအီးသံအမတ်ကြီး လာနာဇာခီးက ပြောကြားခဲ့သည်။

အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် တာလီဘန်၏ တင်းကျပ်သော ကန့်သတ်ချက်များကြောင့် ကမ္ဘာ့အသိုက်အဝန်းသည် နိုင်ငံတွင်း စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် စုပေါင်းလုပ်ဆောင်သည့် နိုင်ငံတကာနိုင်ငံရေးဗျူဟာ မရှိကြောင်း အာဖဂန်အမျိုးသမီးအများအပြား အပါအဝင် အချို့က စွပ်စွဲခဲ့ကြည်ဟု လာနာဇာခီးက မှတ်ချက်ပြုခဲ့သည်။

လုံခြုံရေးကောင်စီသည် အလွတ်သဘောအကဲဖြတ်မှုကို တောင်းဆိုခြင်းဖြင့် ပြင်ပကျွမ်းကျင်မှုများ၊ ဆန်းသစ်သောတွေးခေါ်မှုများဖြင့် ခက်ခဲသောအကျပ်အတည်းအတွက် ဂရုတစိုက်နှင့် တုံ့ပြန်ဆောင်ရွက်နေကြောင်း  လာနာဇာခီးက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly