အီရန်အကျဉ်းထောင်မှ အာဖဂန်အကျဉ်းသား ၁၈၁ ဦးကို တာလီဘန်အစိုးရထံ လွှဲပြောင်းပေးအပ် 

By Tolo News
21 March 2023
အီရန်အကျဉ်းထောင်မှ အာဖဂန်အကျဉ်းသား ၁၈၁ ဦးကို တာလီဘန်အစိုးရထံ လွှဲပြောင်းပေးအပ် 

အီရန်အာဏာပိုင်များသည် အာဖဂန်အကျဉ်းသား ၁၈၁ ဦး ထက်မနည်းကို အစ္စလမ်ကွာလာဆိပ်ကမ်းမှတစ်ဆင့် အာဖဂန်အိမ်စောင့်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

အာဖဂန်အိမ်စောင့်အစိုးရသည် အီရန်နိုင်ငံ အကျဉ်းထောင်များရှိ အာဖဂန်အကျဉ်းသားများကို လွှဲပြောင်းပေးအပ်ရန် အီရန်နှင့် သဘောတူညီမှု ရရှိခဲ့သည်။

အဆိုပါ အကျဉ်းသားများ အပါအဝင် အီရန် အကျဉ်းထောင်များမှ အာဖဂန်အိမ်စောင့်အစိုးရထံသို့ ပြီးခဲ့သည့် သီတင်းပတ်က လွှဲပြောင်းပေးသော အကျဉ်းသား စုစုပေါင်း အရေအတွက်မှာ ၉၀၀ ခန့်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဟာဖီဇ် ဇီယာ အဟ်မဒ် တာကာက ပြောကြားသည်။

“အီရန်မှာ အကျဉ်းကျနေတဲ့ အာဖဂန်အကျဉ်းသားတွေကို လွှဲပြောင်းပေးဖို့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။ ဒါဟာ ရှေ့ဆက်ဖို့ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုပါ ” ဟု ဒုက္ခသည်များအရေး တက်ကြွလှုပ်ရှားသူ အာစီဖာက ပြောကြားခဲ့သည်။
“ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ ဒုက္ခသည် ဒါမှမဟုတ် ရွှေ့ပြောင်းနေထိုင်သူပဲဖြစ်ဖြစ် အိမ်ရှင်နိုင်ငံဟာ နိုင်ငံတကာ ဥပဒေတွေအရ ဖမ်းဆီးပိုင်ခွင့်ရှိပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှာကီယားဟရက်က ပြောကြားခဲ့သည်။

အကျဉ်းသားတစ်ဦးစီ၏ ထောင်ဒဏ်များကို အာဖဂန်တရားရုံးများက စဉ်းစားဆုံးဖြတ်မည်ဖြစ်သည်။
“ရာဇဝတ်မှုကျူးလွန်သူတွေကို နိုင်ငံတကာ တရားစီရင်ရေးစနစ်မှာ လွှဲပြောင်းခွင့်ပြုထားတယ်။ နိုင်ငံတွေဟာ သဘောတူညီချက်ကို အခြေခံပြီး ရာဇဝတ်သားတွေ ပြစ်မှုကျူးလွန်သူတွေကို ဖလှယ်နိုင်ပါတယ်” ဟု ဥပဒေရေးရာ လေ့လာသုံးသပ်သူ အဘဒူလ်လာဘစ် ဝါဖာက ပြောသည်။

“နိုင်ငံရပ်ခြားမှာ နိုင်ငံသားပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတာ ကောင်းပေမယ့် ဒီအကျဉ်းသားတွေဟာ လူမျိုးစုကွဲပြားမှုကို အခြေခံတဲ့ ဆက်ဆံမှုမျိုးကို မကြုံတွေ့သင့်သလို နိုင်ငံရေးအရ အမုန်းမထားဘဲ ပြုမူဆက်ဆံသင့်ပါတယ်” ဟု စစ်မှုထမ်းဟောင်း နီဆာ အာမက် ရှာဇိုင်းက ပြောသည်။

အီရန်သည် အစောပိုင်းကလည်း အာဖဂန်အကျဉ်းသား ၁ ၇၈၀ ကျော်ကို အာဖဂန်နစ္စတန်သို့ လွှဲပြောင်းပေးရန် သဘောတူခဲ့ကြောင်း အာဖဂန်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly