ကလေးမြို့မှ ချင်းတောင်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ဖလမ်းမြို့မှ စတင်ထွက်ခွာ

By ပါခွီး
21 March 2023
ကလေးမြို့မှ ချင်းတောင်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ဖလမ်းမြို့မှ စတင်ထွက်ခွာ

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် ဖလမ်းမြို့မှတစ်ဆင့် ဟားခါးမြို့ဘက်သို့ မတ်လ ၂၁ရက် ယနေ နံနက်တွင် စတင်ထွက်ခွာလာပြီဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF) ပြောရေးဆိုခွင့်ရှိသူ Cung Ngai ကပြောသည်။

“ မြို့ပြင်ဆီဆိုင်နား ကားတန်းရောက်နေပြီ၊ ဖလမ်းမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ပြီး လမ်းကြောင်းရှင်းပြီး တက်လာနေတယ်” ဟု ၎င်း ကဆိုသည်။

ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈) မှ ၁၂၂ မမ လက်နက်ကြီးများဖြင့် ဖလမ်း - ဟားခါး လမ်းပေါ်သို့ ပစ်ခတ်၍ လမ်းကြောင်းရှင်းနေပြီး စစ်ကောင်စီတပ်ယာဉ်တန်း ထွက်ခွာလာနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ကြောင်းအခြေအနေကြောင့် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ မတ်လ ၂၀ရက် ယမန်နေ့မှစတင်၍ ရှောင်တိမ်းနေရကြောင်း ဆိုသည်။ 

အဆိုပါလမ်းတစ်လျှောက်တွင် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ပြည်သူများ ခရီးသွားခြင်းမပြုကြရန် ပြောရေးဆိုခွင့်ရှိသူမှ သတိပေးထားသည်။

ယင်းယာဉ်တန်းသည် မတ်လ ၇ရက်နှင့် ၉ရက်နေ့များမှ စ၍ ကလေးမြို့မှ ချင်းပြည် နယ်သို့ သံချပ်ကား နှစ်စီး ၊ JCB (မြေကော်စက်)တစ်စီးအပါဝင် ကုန်တင်ကား အစီး ၃၀ ၊ စစ်ကောင်စီတပ်အင်အား ၁၀၀ကျော်ဖြင့် ထွက်ခွာလားခြင်းဖြစ်သည်။

မတ်လ ၁၉ရက်နေ့တွင် ဖလမ်းမြို့တွင် နှစ်ရက် ရပ်နားခဲ့ပြီး ယ‌နေ့တွင် ဟားခါးမြို့သွားသည့် လမ်းဘက်သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်းသိရသည်။

ဖြတ်သန်းလာသည့် လမ်းတစ်လျှောက်တွင် ဒေသခံချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ် မိုင်းဆွဲခြင်းနှင့် ချုံခိုတိုက်ခိုက်ခြင်းများခံရ၍ အကျအဆုံးများအထိနာခဲ့ကြောင်း ဒေသတွင်းအရင်းမြစ်များထံမှ သိရသည်။

ဖလမ်းမြို့နှင့် ဟားခါးမြို့သည် ၄၁ မိုင်ကျော်ကွာဝေးပြီး မော်တော်ကားဖြင့် နှစ်နာရီကျော်သွားရသည့် ခရီးဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required