NCCD အဖွဲ့က ချင်းဒေသရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့

By ကိုခင်မောင် (မဇ္ဈိမ)
21 March 2023
NCCD အဖွဲ့က ချင်းဒေသရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့

ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအား Network For Chin Community Development (NCCD ) အဖွဲ့မှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

NCCD အဖွဲ့အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ စစ်ဘေးဒဏ် ခံရသော ကျေးရွာပေါင်း ၁၈ ရွာ၊ မတူပီမြို့နယ်တွင်  ကျေးရွာပေါင်း ငါးရွာ၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ စစ်ရှောင်စခန်း လေးခုနှင့် မီဇိုးရမ်ပြည်နယ်၊ Champhai ခရိုင်အတွင်းရှိ Holy cross Camp , ITI camp 1, Uilui camp, ITI camp 2 စသော စစ်ဘေးရှောင်စခန်းများသို့ ဆန်နှင့် ရိက္ခာအချို့အား ဖြန့်ဝေပေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ပံ့ပိုးတဲ့ပစ္စည်းတွေကတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့  ဆန်၊ ဆီ၊ ဆားတို့ပဲ ဖြစ်ပါတယ်။ ဖြန့်ဝေ တဲ့အခါမှာ သက်ဆိုင်ရာ Camp ဒါမှမဟုတ် ကျေးရွာမှာရှိတဲ့ IDP တာဝန်ခံတွေနဲ့တိုင်ပင်ပြီး ဖြန့်ဝေကြ ရပါတယ်။ အိမ်ထောင်စုအလိုက် ငွေသားဖြန့်ဝေမှုတော့ မရှိပါဘူး” ဟု Network For Chin Community Development (NCCD)အဖွဲ့မှ ကိုချင်းကြီးက မဇ္ဈိမကို ပြောသည်။

Network For Chin Community Development ( NCCD ) အဖွဲ့အနေဖြင့် စစ်ဘေးရှောင်စခန်းများဆီသို့  ပံ့ပိုးကူညီခြင်းနှင့် စစ်ဘေးရှောင်စခန်းမဟုတ်သည့်  စစ်ဘေးကြောင့် ကိုယ်ပိုင်အလုပ်လုပ်ခွင့်မကြုံတော့ ဘဲ စားနပ်ရိက္ခာအခက်အခဲဖြစ်နေသော  ကျေးရွာများကိုပံ့ပိုးခြင်းဟူ၍ နှစ်မျိုးခွဲကာကူညီခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် NCCD အနေဖြင့် စားနပ်ရိက္ခာများဖြန့်ဝေရာတွင် စစ်ကောင်စီနှင့်ပူပေါင်းသူများ၊ လက်နက်ကိုင် အဖွဲ့အစည်းနှင့်ဆက်နွယ်သူများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပတ်သက်သူများကို ထောက်ပံ့ခြင်း မရှိဘဲ သာမာန်စစ်ဘေးရှောင်ပြည်သူများကိုသာ ကူညီထောက်ပံ့ကြောင်း ကိုချင်းကြီးကဆိုသည်။

“စစ်ကောင်စီက ဆန်သယ်ခွင့်တွေပိတ်တဲ့အခါမှာ  ပြည်သူတွေ စားဝတ်နေရေးအခက်အခဲ တော်တော် ကြုံရပါတယ်။ ချင်းပြည်နယ်အတွက်ဆိုရင် ဆန်သယ်ဖို့သာမက ဆန်ဝယ်ဖို့ပါခက်ခဲနေပါတယ်။ လယ် ကွင်း ဖျက်ဆီးခံရတဲ့ လယ်သမားတွေ၊ စပါးသိုလှောင်တဲ့အိမ် မီးလောင်ခံရတဲ့ပြည်သူတွေ များလာတာ ကြောင့်ပါပဲ။ ဆန်ဖြန့်တဲ့အခါမှာ တချို့ရွာတွေဆို ရှေးခေတ်ကလိုပဲ လူအားနဲ့လာထမ်းကြရပါတယ်။ ပြီးတော့ နောက်တစ်ချက်က စစ်ဘေးရှောင်ကိုတောင် အကုန်လုံးမပေးနိုင်သေးဘူး။ Budget အခြေနေ အရလေ။ ဆက်လက်ပြီး တခြားစစ်ဘေးရှောင်တွေကို ကဏ္ဍအစုံကနေ ကူညီနိုင်ဖို့ ကြိုးစားနေကြပါ တယ်” ဟု ကိုချင်းကြီးက ၎င်းတို့ကြုံတွေရသော အခက်အခဲများကို ရှင်းပြသည်။

မိုးတွင်းရောက်ခါနီးလာပြီဖြစ်၍ စစ်ဘေးရှောင်စခန်းများတွင် လုံခြုံကြံ့ခိုင်သော မိုးကာများ၊ သောက်ရေ သန့်စက်နှင့် ရေသန့်ဆေးရည်များ၊ အခြေခံဆေးဝါးများ၊ ခြုံစောင်များ၊ ခြင်ထောင်များနှင့် ကလေးသူငယ် များအတွက် စာအုပ်၊ ဘောပင်စသည့်  သင်ကြားရေးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။

စစ်ဘေးရှောင်များအား ကူညီနိုင်ရန်အတွက် နိုင်ငံခြားအလှူရှင်များ၏ထည့်ဝင်လှူဒါန်းမှုကို အဓိက အသုံးပြုနေခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်းမှ အလှူရှင်များအနေဖြင့်  ချိတ်ဆက်လာပေးခြင်း မျိုးမရှိသေး ကြောင်း ကိုချင်းကြီးထံမှ သိရသည်။

NCCD အဖွဲ့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ရောက်လာသော  စစ်ဘေးရှောင် ချင်းပြည်သူများရှိရာ စစ်ဘေးရှောင်စခန်း ၃၉ ခုသို့ ဆန်၊ ဆီ၊ ဆားနှင့် ပဲများကို  နှစ်ကြိမ် ကူညီခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly