ထိုင်ဝမ်နှင့် ဆက်ဆံရေးတင်းမာနေချိန် စစ်အတွင်းကာလဥပဒေပြဋ္ဌာန်းရန် တရုတ်စစ်တပ်က တွန်းအားပေး

By NDTV
21 March 2023
ထိုင်ဝမ်နှင့် ဆက်ဆံရေးတင်းမာနေချိန် စစ်အတွင်းကာလဥပဒေပြဋ္ဌာန်းရန် တရုတ်စစ်တပ်က တွန်းအားပေး

ထိုင်ဝမ်၊ အမေရိကန်တို့နှင့် ဆက်ဆံရေးတင်းမာမှုများ ဆိုးရွားလာချိန်တွင် လိုအပ်ပါက တရုတ်အချုပ် အခြာအာဏာနှင့် နိုင်ငံတော်အကျိုးစီးပွားကို တပ်ဖွဲ့များဖြင့် ကာကွယ်ရေးအတွက် စစ်အတွင်းကာလ ဥပဒေ ပြဋ္ဌာန်းရန် တရုတ်စစ်တပ်က အစိုးရအား တွန်းအားပေးနေသည်ဟု မီဒီယာများက ဖော်ပြလိုက်သည်။ 

တရုတ်ဥပဒေပြုလွှတ်တော်ဖြစ်သည့် နိုင်ငံလုံးဆိုင်ရာပြည်သူ့ကွန်ဂရက်(NPC) တွင် စစ်တပ်(PLA) ၏ ကိုယ်စား လှယ်များက ယင်းဥပဒေများအရေးတကြီးလိုအပ်နေကြောင်း အစည်းအဝေးအတွင်း တောင်းဆိုခဲ့သည်ဟု ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

ပါတီ၏ အဆိုပြုချက်များကို ခွင့်ပြုရလေ့သည့်အတွက် အမည်ခံလွှတ်တော် NPC တွင် လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CPC) မှ စစ်ကိုယ်စားလှယ်အများအပြားရှိသည်။

စစ်အတွင်း ဥပဒေပြဋ္ဌာန်းရန် တွန်းအားပေးသူများထဲမှ တစ်ဦးဖြစ်သည့် တရုတ်စစ်တပ်ကိုယ်စားလှယ် ဝူရှီဟွာက တရုတ်အစိုးရအနေဖြင့်ည် စစ်တပ်အတွက် ဥပဒေပြုခြင်းကို ခွင့်ပြုသင့်ကြောင်း ပြောကြားခဲ့သည်။

နောက်ထပ် စစ်တပ်ကိုယ်စားလှယ်ဖြစ်သူ ယဲ့တာပင်းက "စစ်အတွင်း လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားရင် စစ်အတွင်း ဥပဒေတွေကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ စတင်လေ့လာသင့်ပါပြီ" ဟု တိုက်တွန်းခဲ့သည်။
ရှန်တုံးပြည်နယ် စစ်ဘက်ခရိုင်မှူး ကျန်းလီခက အရန်တပ်ဖွဲ့များ စည်းရုံးခြင်းကဲ့သို့သော ဥပဒေများပြဋ္ဌာန်းခြင်း ကို တွန်းအားပေးသင့်ကြောင်း အကြံပြုခဲ့သည်။

အခြားကိုယ်စားလှယ်များက တရုတ်စစ်တပ်၏ နိုင်ငံရပ်ခြားစစ်ဆင်ရေးများနှင့် ပတ်သက်သည့် ဥပဒေပြုရေးဆိုင်ရာ အပြောင်းအလဲများကို တောင်းဆိုခဲ့သည်။ တရုတ်သည် မကြာသေးမီနှစ်များအတွင်း စစ်အင်အားတိုးချဲ့ခဲ့ပြီး အာဖရိကဦးချိုဒေသရှိ ဂျီဘူဒီတွင် စစ်အခြေစိုက်စခန်း ထူထောင်ခြင်းနှင့် အေဒင်ပင်လယ်ကွေ့နှင့် ဆိုမာလီယာပင်လယ်ကမ်းလွန်တို့တွင် ရေတပ်အစောင့်တပ်ဖွဲ့များ ချထားခြင်းကို လုပ်ဆောင်ခဲ့သည်။ 

တရုတ်အစိုးရအနေဖြင့် ပင်လယ်ရပ်ခြားတပ်ဖွဲ့များ၏ ကျိုးကြောင်းဆီလျော်မှုနှင့် တရားဝင်မှုပုံရိပ်ကို မြှင့်တင်ရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်သည့် နိုင်ငံတကာဥပဒေများကို သုတေသနပြု လေ့လာသင့်ကြောင်း တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်၏ တပ်မှူးဟောင်း ယွမ်ယုပေ့က ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်အရေး တင်းမာမှုများ မြင့်တက်လာချိန်တွင် စစ်အတွင်းကာလဥပဒေပြဋ္ဌာန်းရန် တရုတ်စစ်တပ်က ယခုကဲ့သို့ တိုက်တွန်းလာခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly