ညောင်ခါးရှည် X-Ray ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့နေပြီး လူနာတင်ယာဉ်များပါ ထွက်မရဟုဆို

By ရွှေနွယ် မဇ္ဈိမ
20 March 2023
ညောင်ခါးရှည် X-Ray ဂိတ်တွင် ယာဉ်ကြောပိတ်ဆို့နေပြီး လူနာတင်ယာဉ်များပါ ထွက်မရဟုဆို

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် လူနာတင်ယာဉ်များပါ ထွက်မရ သည်အထိ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ယာဉ်မောင်းများကပြောသည်။

မတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှစတင်ကာ ယနေ့ မတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအထိ ယာဉ်ကြော ပိတ်ဆို့နေဆဲဖြစ်ပြီး ဖြတ်သန်းသွားလာမည့်ယာဉ်အားလုံး တန်းစီးစောင့်ဆိုင်းနေရသည်ဟု ဆိုသည်။ 

“ညောင်ခါးရှည်ဂိတ်မှာ ယာဉ်တန်းငါးထပ် ထပ်သွားတယ်။ မော်လမြိုင်ကနေ ရန်ကုန်ကိုတက်မယ့် လူနာ တင်ယာဉ်တွေပါပိတ်ဆို့နေတယ်” ဟု ယာဉ်မောင်းတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြ ထားသည်။

“ကျွန်တော်တို့ မနေ့ကမနက်ကတည်းက မြဝတီကထွက်လာတာ၊ ညအထိဖြတ်မရဘူး။ ဒီနေ့မနက်မှ ဖြတ်လို့ရတယ်” ဟု အခြားယာဉ်မောင်းတစ်ဦးကလည်း ဆိုသည်။

အဆိုပါ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ရန်ကုန်ဘက်သို့သွားသည့်ယာဉ်၊ ရန်ကုန်ဘက်မှပြန် သည့်ယာဉ် နှစ်ဖက်စလုံးကို စစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါဂိတ်သည် မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင်တွင်တည်ရှိပြီး လက်နက်ခဲယမ်း သယ်ဆောင်မှု များကို စစ်ဆေးရန် အဓိကရည်ရွယ်ကာ X-Ray စက်များသုံး၍ ကားများကို စစ်ဆေးနေခြင်းဟု သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required