လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံအချို့ ဖမ်းဆီးခံနေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
20 March 2023
လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာ၍ ဒေသခံအချို့ ဖမ်းဆီးခံနေရ

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီးအဖွဲ့တို့က ယခု မတ်လအတွင်း ရေကြောင်း၊ ကုန်းကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက် ရှာဖွေမှုများပြုလုပ်‌နေပြီး ဖမ်းဆီးခံရမှုများလည်းရှိနေကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို မတ်လ ၆ ရက်နေ့မှစတင်ကာ  စစ်ကြောင်း ထိုးဝင်ရောက်နေခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေးပုံစံမျိုး ဝင်ရောက်နေခြင်းဖြစ်ကြောင်း လောင်းလုံး အခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မတ်လဆန်းပိုင်းက စစ်တပ်(စစ်ကောင်စီတပ်ဖွဲ့)က ဝင်ရောက်လာချိန်မှာ တိုက်ပွဲဖြစ်သေးတယ်။ သူတို့ ဖက်က အင်အားများနေတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့မှုတွေထပ်မလုပ်ဘဲ အခြေအနေတွေကို စောင့်ကြည့်ပြီး ဆုတ်နေရတယ်”ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့က ယခုရက်ပိုင်းတွင် ကျေးရွာအများစုကို ဝင်ရောက်ရှာ‌ဖွေဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများဖမ်းဆီးခံထားရသည့်အပြင် သပိတ်ကော်မတီခိုလှုံနေသည့် နေအိမ် စီးနင်းခံရခြင်းကြောင့် ကွန်ပြူတာ၊ ပရင့်တာနှင့် ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းသွားသည်ဟု သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော်တို့တိမ်းရှောင်နေတဲ့နေအိမ် စစ်တပ်ကဝင်စီးတာခံရတယ်၊ သပိတ်လှုပ် ရှားမှုမှာအသုံးပြုတဲ့ပစ္စည်းတွေ သိမ်းဆည်းခံလိုက်ရလို့ ကျွန်တော်တို့အဖွဲ့လည်း ထွက်ပြေးတိမ်းရှောင် နေရတယ်”ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)မှ ကိုမင်းလွင်ဦးက ပြော သည်။

အလားတူ လောင်းလုံးမြို့နယ်ရှိ ကဒက်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၁၇ ရက် ညပိုင်းက သေနတ်ပစ်ဖောက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ဒေသခံအချို့ကိုဖမ်းဆီးကာ ရိက္ခာသယ်ခိုင်းပြီး လူသားဒိုင်းအဖြစ် ပြုလုပ်ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

“အခုက ရန်သူဖက်ကအင်အားများနေတော့ ပြည်သူတွေ အထိနာမှာစိုးတာကြောင့် PDF တွေ ငြိမ်ပေး နေရတယ်”ဟု လောင်းလုံးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့က တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်သုံးခုတွင် တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများ၌ လူ အင်အား၊ လက်နက်အင်အား အများအပြားဖြည့်တင်းထားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထံမှ သိရသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required