ဘာမှသုံးမရတော့သော ငွေစက္ကူများ

By Bitcoin Myanmar Initiative
19 March 2023
ဘာမှသုံးမရတော့သော ငွေစက္ကူများ

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ငွေစက္ကူစနစ်ကို Fiat Currency လို့ ခေါ်ပါတယ်။ Fiat ဆိုတာ လက်တင်ဘာသာစကားက လာတဲ့ စကားလုံးဖြစ်ပြီး “အမိန့်” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီငွေကြေးတွေရဲ့ တန်ဖိုးကို နိုင်ငံတစ်နိုင်ငံကို အခွင့်အာဏာနဲ့ အုပ်ချုပ်ခွင့်ရထားသူတွေက “အမိန့်” နဲ့ ထုတ်ဝေတာ ဖြစ်ပြီး ဒီ “အမိန့်” ကြောင့် လူတွေ လက်ခံသုံးစွဲနေကြပါတယ်။

အခွင့်အာဏာရှိသူတွေက “အမိန့်” နဲ့ ငွေစက္ကူစာရွက်တွေကို ထုတ်ဝေခွင့်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မထုတ်ဝေဘဲ ပြန်ရုတ်သိမ်းတာမျိုးလည်း ရှိပါတယ်။

ဒီ ဆောင်းပါးမှာတော့ ကမ္ဘာ့သမိုင်း အဖြစ်အပျက် တချို့ကို လိုတိုရှင်း ဖော်ပြပေးလိုက်ပါတယ်။

ဗင်နီဇွဲလား (2016)

ငွေကြေးဖောင်းပွမှု ပြဿနာကို ဖြေရှင်းဖို့ အတွက် ဗင်နီဇွဲလား အစိုးရက 100 Bolivar တွေကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီ ၁၀၀ တန်ဟာ တစ်နိုင်ငံလုံးရဲ့ ငွေကြေးလည်ပတ်မှု ၇၇% အထိ ရှိပါတယ်။ နိုင်ငံသားတွေကို ငွေလဲဖို့ အချိန် ၇၂ နာရီ ပေးခဲ့ပါတယ်။ အချိန်တိုအတွင်း ငွေကြေးစနစ်ဖျက်သိမ်းလိုက်တာကြောင့် လူထုအုံကြွမှုဖြစ်ခဲ့တဲ့ အတွက် အစိုးရက ငွေလဲဖို့ အချိန်ကို ထပ်တိုးပေးခဲ့ရပါတယ်။

ဂါနာ (1979)

1979 ဇွန်လမှာ ဂါနာမှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ အာဏာသိမ်း ဂါနာ စစ်အစိုးရက ကျဆင်းနေတဲ့ တိုင်းပြည် စီးပွားရေးကို ကယ်တင်ဖို့ ရည်ရွယ်ချက်နဲ့ ဂါနာငွေစက္ကူအဟောင်းတွေကို ပုံစံ အသစ်နဲ့ အစားထိုးဖို့ အမိန့်လုပ်ခဲ့ပါတယ်။ ငွေစက္ကူအသစ်တွေကို လဲဖို့ ငွေစက္ကူအဟောင်းတွေကို ၁၅% စျေးနှိမ်ပြီး ပြန်အပ်ခိုင်းပါတယ်။ တကယ်လို့ ကိုယ်က ဂါနာငွေကြေး ၅၀၀၀ အထက်ကိို လဲမယ်ဆိုရင်တော့ တစ်ဝက်အထိ စျေးနှိမ်ပြီး ငွေစက္ကူအသစ်ကို လဲရပါမယ်။ ဒီ အဖြစ်ဆိုးကြောင့် တစ်နိုင်ငံလုံးက ပိုက်ဆံစုထားတဲ့လူတွေ ဒုက္ခရောက်ခဲ့ပြီး ဂါနာနိုင်ငံရဲ့ စီးပွားရေး အနာဂါတ်ဟာ မရေရာမှုတွေနဲ့ ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရပါတယ်။

အိန္ဒိယ (2016)

ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယမှာလည်း ငွေစက္ကူရုတ်သိမ်းမှု မကြာသောနှစ်များက ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက် ၂၀၁၆ ခုနှစ်မှာ အိန္ဒိယ အစိုးရ အနေနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ မဟတ္တမဂန္ဒီပုံပါတဲ့ ရူပီး ၅၀၀ တန်၊ ရူပီး ၁၀၀၀ တန်တွေကို ဖျက်သိမ်းပြီး ငွေစက္ကူအသစ် ရိုက်ထုတ်ဖို့ပါ။ ငွေစက္ကူကို အများကြီး မှီခိုတဲ့ နိုင်ငံဖြစ်တာကြောင့် ဒီသက်ရောက်မှုက မသေးပါဘူး။ ဖျက်သိမ်းခံရတဲ့ ငွေကြေးတွေက အိန္ဒိယ ငွေကြေးလည်ပက်မှုရဲ့ ၈၆% အထိ ရှိပါတယ်။ စီးပွားရေး လုပ်ငန်းတွေလည်း အခက်အခဲ အများကြီး တွေ့သွားပြီး ATM မှာ ပိုက်ဆံထုတ်ဖို့ လဲဖို့ စောင့်တဲ့ လူတန်းတွေလည်း အများကြီး ဖြစ်သွားခဲ့ရပါတယ်။ ဘဏ်အကောင့်မရှိသူတွေ ဝေးလံတဲ့ ဒေသတွေမှာ နေထိုင်သူတွေ အတွက်တော့ အခက်အခဲ အများကြီး ဖြစ်ခဲ့ရပါတယ်။

အမေရိကန် (1969)

အမေရိကန်နိုင်ငံမှာ အစိုးရ သမ္မတ Nixon က အမေရိကန်ဒေါ်လာ ၅၀၀ တန်၊ ၁၀၀၀ တန်၊ ၅ ထောင်တန်၊ ၁ သောင်းတန်တွေကို ဆက်လက် အသုံးပြုမှု ရပ်ဆိုင်းစေခဲ့ပြီးတော့ ဒေါ်လာ ၁၀၀ တန်ကိုသာ အမြင့်ဆုံး ငွေစက္ကူအဖြစ် သက်မှတ်ခဲ့ပါတယ်။ ငွေကြေးပမာဏ အများအပြား လုပ်ဆောင်နေရတဲ့ စီးပွားရေး လုပ်ငန်းတွေ အတွက် ငွေသားနဲ့ လုပ်ဆောင်မှုထက် ဘဏ်စနစ်နဲ့ လုပ်ဆောင်ဖို့ကို တွန်းအားပေးတဲ့ အမိန့် ဖြစ်ခဲ့ပါတယ်။

မြန်မာ (1987)

စစ်အာဏာရှင် ဗိုလ်ချုပ် နေဝင်းက စက်တင်ဘာလ ၅ ရက် ၁၉၈၇ ခုနှစ်မှာ ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်တန်တွေကို ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ရုတ်သိမ်းခဲ့ပါတယ်။ ဒီ ငွေကြေးတွေက တစ်နိုင်ငံလုံး သုံးစွဲနေမှုရဲ့ ၇၅% ကို ကိုယ်စားပြုပြီး သန်းနဲ့ ချီတဲ့ မြန်မာနိုင်ငံသားများစွာရဲ့ ဘဝကို ဒုက္ခရောက်စေခဲ့ပါတယ်။ ယခု အချိန်ထိ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖျက်သိမ်းမှုဟာ သမိုင်းမှာ အဆိုးဆုံး ငွေကြေးဖျက်သိမ်းဖြစ်တယ်လို့ နိုင်ငံတကာမှာ မှတ်တမ်းတင်ထားခြင်း ခံရပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားနိုင်ငံတွေလို ငွေကြေး လဲလှယ်မှု အတွက် အခွင့်အရေး အချိန်ကာလ တစ်ခုတောင် မပေးလို့ပါ။ ဒီလို တွက်ချက်ရ ခက်တဲ့ နံပါတ်တွေကို ပိုက်ဆံအနေနဲ့ ထုတ်တာလည်း စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ ဗေဒင် ကိန်းဂဏန်း ယုံကြည်မှုကြောင့်လည်း ဖြစ်တယ်လို့ လေ့လာမိပါတယ်။ ပိုသိချင်ရင်တော့ ရှေ့မှီနောက်မှီလူကြီးတွေကို မေးကြည့်ကြပါ။

ရှေးခေတ်တုန်းကတော့ နည်းပညာတွေ မရှိခဲ့ပါဘူး။

အင်တာနက်မပေါ်ခင်တုန်းက စာအုပ်ပေါ်ကနေပဲ ဗဟုသုတလေ့လာရပါတယ်။

ဗီဒီယို၊ ဓါတ်ပုံတွေကို ဖုန်းပေါ်က ရိုက်လို့မရခင်က သူများရိုက်တာ ပြောတာကိုပဲ ယုံရပါတယ်။

စာတိုပို့ စနစ်တွေ မပေါ်ခင်က စာတိုက်မှာသွားပြီး စာပို့ရပါတယ်။

ကမ္ဘာကြီးက မစောင့်ပါဘူး... နည်းပညာက ကျွန်တော်တို့ ဘဝတွေကို အများကြီး ပြောင်းပေးနေပါတယ်။

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly