'' ဒီ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကမ္ဘာကသိဖို့၊ What’s happening in Myanmarဆိုတာလေးကို မီးမောင်းထိုးဖို့ ''We are the world''သီချင်းကို ပြန်လာသီဆို ထုတ်လွှင့်ခဲ့တာပါ။
သီချင်းထဲက ''That a change can only come when we stand together as one'' ဆိုတဲ့ စာသားအတိုင်းပြောင်းလဲမှုရယ်၊ အောင်မြင်ဖို့အတွက်ဆိုရင် တစ်လုံးတစ်ဝတည်း၊ တစ်စုတစ်စည်းတည်း၊ တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေမှ အင်အားလည်းကြီးမယ်၊ ပြောင်းလဲမှုလည်းတွေ့ရမယ်။ စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံ( CDM , လက်နက်ကိုင်တော်လှန်တာ၊ Boycott )နဲ့ တော်လှန်နေတဲ့ချိန်မှာ အမတို့ကMusic နဲ့တော်လှန်နေတာ ဖြစ်နေတာဖြစ်တယ်။''လို့ Chinlung Chhuak Artist စီစဉ်သူ Dadeo Cer က ပြောပါတယ်။
We are the world မူရင်းသီချင်းကို ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချေးတို့က ရေးသားခဲ့ပြီး ၁၉၈၅ခုနှစ်မှာ ဖြန့်ချိခဲ့တာပါ။ ဂရမ်မီဆု ရရှိခဲ့တဲ့ သီချင်းဖြစ်ပြီး နိုင်ငံတကာမှာလည်း အမြောက်အမြား ပြန်လည်သီဆိုခဲ့ကြပါတယ်။
ပြည်တွင်းမှာ ထင်ရှားတဲ့ချင်းအဆိုတော်တွေ ၊ အမေရိကန်၊ နယူးဇီလန် က ချင်းအဆိုတော်တွေ နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်က မီဇိုရမ် အဆိုတော်တွေ စုပေါင်းပြီး မြန်မာ့အရေး ကို ကမ္ဘာကသိဖို့ ကမ္ဘာကျော် We Are the World သီချင်းကို Cover Song - ပြန်ဆိုတေး အနေနဲ့ ပြန်လည်သီဆိုခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ Chin Tube ဆိုတဲ့Youtube Channel ကတစ်ဆင့်တင်ခဲ့တဲ့ ဒီသီချင်းဟာ တစ်လကျော်ကြာတဲ့အခုအချိန်မှာ ကြည့်ရှုသူ နှစ်သန်းရှိလာသလို နိုင်ငံတကာ တေးသီချင်းဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကို ရထားပါတယ်။
ဒီသီချင်းကြောင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပျက်နေတဲ့ အခြေအနေကိုလည်း ကမ္ဘာတစ်ဝန်း ပိုပြီးသိရှိလာကြပါတယ်။ ဒီသီချင်းဖြစ်ပေါ်လာဖို့ ဖန်တီးဖြစ်ခဲ့ပုံနဲ့ပတ်သက်လို့ မဇ္ဈိမ သတင်းထောက် စန်းကျိန်က မေးမြန်းထားပါတယ်။