ပြင်သစ်ရှိ ထိုင်ဝမ်မန်ဒရင်းသင်ကြားရေးဗဟိုဌာနကို တရုတ်က ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ် 

By Taipei Times
17 March 2023
ပြင်သစ်ရှိ ထိုင်ဝမ်မန်ဒရင်းသင်ကြားရေးဗဟိုဌာနကို တရုတ်က ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ် 

တရုတ်ပင်လယ်ရပ်ခြားရဲစခန်းများက ပြင်သစ်ရှိ ထိုင်ဝမ်မန်ဒရင်းသင်ကြားရေးဗဟိုဌာနကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်ဟု ထိုင်ဝမ်ပင်လယ်ရပ်ခြားအသိုင်းအဝိုင်းရေးရာ ကောင်စီ (OCAC) က မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

ပါရီတွင် ၂၀ဝ၅ ခုနှစ်က ဖွင့်လှစ်ခဲ့သော တရုတ်ဘာသာကျောင်း L'Encrier Chinois ၏ ဝက်ဘ်ဆိုက်နှင့် ဖေ့ဖွတ်ခ်စာမျက်နှာကို ဟက်ကာများက ၂၀၂၂ ခုနှစ် ဧပြီလက တိုက်ခိုက်ခဲ့ကြောင်း OCAC ဝန်ကြီး ချူချားချန်က လွှတ်တော်သို့ ပြောကြားခဲ့သည်။

ယင်းကျောင်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ပြင်သစ်၏ ဒုတိယ ထိုင်ဝမ်မန်ဒရင်းသင်ကြားရေးဗဟိုဌာန ဖြစ်လာပြီး ၂၀၂၂ ခုနှစ်တွင် ၃ ကြိမ်တိတိ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရကြောင်း ကျောင်းအုပ်ကြီး လင်းရှုလင်းက ပြောကြားခဲ့သည်။

ယင်းအမှုကို ပြင်သစ်ရဲများထံ အစီရင်ခံရန် ကောင်စီက ကျောင်းအား တောင်းဆိုခဲ့ပြီး ရဲများက စုံစမ်းစစ်ဆေး မှုစတင်ခဲ့ရာ တိုက်ခိုက်မှုများသည် တရုတ်နိုင်ငံရပ်ခြားရဲစခန်းများမှ အစပြုကြောင်း တွေ့ရှိခဲ့သည်ဟု လင်းရှုလင်းက ပြောကြားခဲ့သည်။

အကြံပြုချက်များပေးခဲ့သလို  ကောင်စီက ပြင်သစ်နိုင်ငံရှိ တိုင်ပေကိုယ်စားလှယ်ရုံးအား ဗဟိုဌာန၏ သတင်းအချက်အလက် လုံခြုံရေး ပိုမိုကောင်းမွန်အောင် ကူညီပေးရန် တောင်းဆိုခဲ့သလို ကောင်စီ၏ သတင်းအချက်အလက် စီမံခန့်ခွဲရေးရုံးကလည်း အကြံပြုချက်များပေးခဲ့သည်ဟု  သူမက ပြောကြားခဲ့သည်။

ကနေဒါနှင့် ဥရောပနိုင်ငံအများအပြားအပြင် အလယ်ပိုင်းနှင့် တောင်အမေရိကနိုင်ငံအချို့ကလည်း တရုတ်ရဲ စခန်းများနှင့် ပတ်သက်သည့် အလားတူတိုက်ခိုက်မှုများကို အစီရင်ခံတင်ပြခဲ့ကြသည်ဟု ရှုက ပြောကြားခဲ့သည်။
အခြားနိုင်ငံများရှိ မန်ဒရင်းသင်ကြားရေးဆိုင်ရာ ထိုင်ဝမ်ဗဟိုဌာနများတွင် ယင်းကဲ့သို့ တိုက်ခိုက်ခံရမှုမျိုး မရှိကြောင်း သူမက ဆိုသည်။

ထိုင်ဝမ်အဖွဲ့အစည်းများက တရုတ်ရဲစခန်းများနှင့် ထိတွေ့ဆက်ဆံမှုရှိမရှိကို ကောင်စီက စုံစမ်းသင့်ပြီး ထိုးဖောက်စိမ့်ဝင်မှု အန္တရာယ်များကို သတိပေးသင့်ကြောင်း ရှုက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly