တရုတ်မှ စက်ရုံများ အိန္ဒိယနှင့်ဗီယက်နမ်သို့ ရွှေ့ပြောင်းမှု မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်နေ

By Business Standard
17 March 2023
တရုတ်မှ စက်ရုံများ အိန္ဒိယနှင့်ဗီယက်နမ်သို့ ရွှေ့ပြောင်းမှု မျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်နေ

Apple ၏ အသံပိုင်းဆိုင်ရာ ထုတ်ကုန်ပစ္စည်းများပေးသွင်းသည့် အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်သည့် Goertek ၏ ဒုတိယဥက္ကဋ္ဌ ကာဇူယိုရှိ ယိုရှီနာဂါက Apple ကို ပစ္စည်းပေးသွင်းသူများသည် တရုတ်မှ ထွက်ခွာနေပြီဖြစ်ကြောင်း ပြောကြားပြီး ရက်ပိုင်းအကြာတွင် ၎င်းကိုယ်တိုင် ကုမ္ပဏီမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း အသိပေးလာသည်ဟု South China Morning Post က ဖော်ပြသည်။

အမေရိကန်နှင့် တရုတ်ဆက်ဆံရေးယိုယွင်းလာသဖြင့် တရုတ်မှ စက်ရုံများ အိန္ဒိယနှင့် ဗီယက်နမ်သို့ ရွှေ့ ပြောင်းနေသည့် သတင်းများထွက်ပေါ်လာပြီး Goertek အပါအဝင် Apple ကို ပစ္စည်းပေးသွင်းသူများသည် လေ့လာသူများမျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာ တရုတ်မှ ထွက်ခွာနေကြောင်း Bloomberg နှင့် မကြာသေးမီက ပြုလုပ်ခဲ့သော လူတွေ့မေးမြန်းခန်းတွင် ယိုရှီနာဂါက ပြောကြားခဲ့သည်။

တရုတ်၏ တင်းကျပ်သော ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် အမေရိကန်နှင့်တရုတ် နည်းပညာပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကြောင့် Apple ၏ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်သည် လွန်ခဲ့သည့် ၃ နှစ်အတွင်း အခက်ကြုံခဲ့သည်။

ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ် ပြန်လည်ချိန်ညှိမှုတွင် အကျိုးအမြတ်အများဆုံးရရှိခဲ့သည့် အိန္ဒိယနှင့် ဗီယက်နမ်တွင် ထိုင်ဝမ်၏ Foxconn Technology Group အပါအဝင် တရုတ်၏ Goertek နှင့် Luxshare ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာခြင်းကြောင့် အမေရိကန်နည်းပညာကုမ္ပဏီကြီးက ဆယ်စုနှစ်များစွာကြာ တည်ဆောက်ခဲ့သော ခေတ်မီဆန်းပြားသောကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ် တွင် အက်ကြောင်းများ စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း South China Morning Post က ဖော်ပြခဲ့သည်။

စတော့ကုန်စည်ဒိုင်တွင် ကုမ္ပဏီအချက်အလက်များဖြည့်သွင်းရာတွင် ရှန်းကျန့်ကုန်စည်ဒိုင်တွင် စာရင်းသွင်း ထားသည့် Goertek က ယိုရှီနာဂါသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်မှ ထွက်ခွာသွားကြောင်း အသေးစိတ်အချက်အလက်များကိုမဖော်ပြဘဲ ပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးနှင့်ပတ်သက်ပြီး ၎င်း၏ လတ်တလောမှတ်ချက်များကို ဖော်ပြထားခြင်းမရှိသည့်အပြင် နုတ်ထွက်မှုသည် တရုတ်ကုန်ထုတ်လုပ်မှုကဏ္ဍ၏ အနာဂတ်ကို မကောင်း ပြောခဲ့ခြင်းနှင့် သက်ဆိုင်ကြောင်းလည်း အထောက်အထားမရှိပေ။

Foxconn ၏ ကျန်ကျိုးစက်ရုံက ၂၀၂၂ ခုနှစ်တွင် တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေး ကန့်သတ်ချက်များကို လိုက်နာလျက် Apple ၏ iPhone 14 အမှာစာများကို ဖြည့်ဆည်းပေးရန် ကြိုးပမ်းခဲ့ရာ ဆန့်ကျင် အကျိုးသက်ရောက်ခဲ့ပြီး ဝယ်လိုအားကောင်းသည့် ရာသီမတိုင်မီ ဆန္ဒပြမှုများ ဖြစ်ပေါ်ကာ အလုပ်သမားများ အလုပ်မှ ထွက်ခွာသွားကြသဖြင့် ကမ္ဘာအကြီးဆုံး iPhone စက်ရုံတွင် ထုတ်လုပ်မှုနှေးကွေးခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် တစ်ချိန်က ယုံကြည်စိတ်ချရသော တရုတ်စက်ရုံက ပစ္စည်းပေးသွင်းရန် ပျက်ကွက်ခဲ့ကြောင်း Apple က ပထမဆုံးအကြိမ် ဝန်ခံခဲ့ရသည်။

ယင်းကိစ္စဖြစ်ပျက်ပြီးနောက် Apple က တရုတ်ပြင်ပတွင် စက်ရုံများတည်ထောင်ရန် အစီအစဉ်များကို အရှိန်မြှင့် ရန် ပြည်မကြီးအခြေစိုက် တရုတ်ကုန်ပစ္စည်းပေးသွင်းသူများကို တောင်းဆိုခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ သော်လည်း Goertek၊ Luxshare နှင့် Foxconn အပါအဝင် Apple က ယင်းကိစ္စအား လူသိရှင်ကြားထုတ်ဖော် ပြောကြားခြင်း မရှိပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly