အသံထက်မြန်သောလက်နက်များတွင် တရုတ်က ဦးဆောင်နေကြောင်း အမေရိကန်ပြော

By ANI
17 March 2023
အသံထက်မြန်သောလက်နက်များတွင် တရုတ်က ဦးဆောင်နေကြောင်း အမေရိကန်ပြော

ရုရှားက ယူကရိန်းအား ဗုံးကြဲတိုက်ခိုက်ရာတွင် အသံထက်မြန်သည့် အဆင့်မြင့် ဒုံးကျည်များကို အကြိမ်ကြိမ် အသုံးပြုခြင်းအပေါ် အနောက်နိုင်ငံများက သတိထားမိလာသော်လည်း ကမ္ဘာ့ထိပ်တန်း အသံထက်မြန်သည့် လက်နက်များ ရှိသည့်နိုင်ငံမှာ တရုတ်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိများက ပြောကြားခဲ့သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။ 

"တရုတ်နဲ့ ရုရှားနှစ်နိုင်ငံစလုံးက အသံထက်မြန်တဲ့ လက်နက်တွေကို အောင်မြင်စွာ စမ်းသပ်ခဲ့ပြီး စစ်ဆင်ရေးစနစ်တွေ လုပ်ဆောင်နိုင်ခြေရှိနေသလို တရုတ်က အခြေခံအဆောက်အအုံနဲ့ စနစ်အရေအတွက် နှစ်ခုစလုံးကို ထောက်ပံ့ရာမှာ ရုရှားထက် သာနေပါတယ်” ဟု ကာကွယ်ရေး ထောက်လှမ်းရေးအဖွဲ့၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဦးဆောင်သိပ္ပံပညာရှင်က အမေရိကန်လွှတ်တော်အမတ်များကို မတ်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ .

လွန်ခဲ့သည့်ဆယ်စုနှစ် ၂ ခုအတွင်း တရုတ်က အထူး အလေးထားပြီး ရင်းနှီးမြုပ်နှံမှု၊ တီထွင်ဖန်တီးမှု၊ စမ်းသပ်မှုနှင့် ဖြန့်ကြက်မှုတွေကို အလေးထားလုပ်ဆောင်လာပြီး သမားရိုးကျနှင့် နျူကလီးယားလက်နက်သုံး အသံထက်မြန်သော ဒုံးပျံနည်းပညာများနှင့် စွမ်းဆောင်ရည်များ သိသိသာသာ တိုးတက်လာခဲ့ကြောင်း ကာကွယ်ရေး ထောက်လှမ်းရေးအဖွဲ့မှ ပေါလ်ဖရိုက်စ်သလာက လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ လွှတ်တော်ကော်မတီသို့ ပြောကြားခဲ့သည်။ 

အသံထက်မြန်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာနေသည့် ပဲ့ထိန်းဒုံးကျည်များနှင့် မတူဘဲ အသံထက်မြန်သည့်လက်နက်များသည် အသံထက် ၅ ဆမြန်သည့်နှုန်းဖြင့် ပျံသန်းနေချိန်တွင်ပင် ထိန်းချုပ်ကွပ်ကဲရှောင်တိမ်းနိုင်စွမ်းမြင့်မားသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။
မြန်နှုန်းမြင့် ထိန်းချုပ်ကွပ်ကဲရှောင်တိမ်းနိုင်မှုသည် ၎င်းတို့ကို ထောက်လှမ်းရှာဖွေ ဟန့်တားရန် ခက်ခဲစေသည်ဟု အမေရိကန် ကာကွယ်ရေး အရာရှိများက ဆိုသည်။

ကာကွယ်ရေး ထောက်လှမ်းရေးအဖွဲ့နှင့် လွှတ်တော်သုတေသနအဖွဲ့တို့မှ စုဆောင်းရရှိသော အချက်အလက်များအရ တရုတ်နိုင်ငံသည် စမ်းသပ်ပျံသန်းရာ ဥမင်လှိုဏ်ခေါင်း ၂၁ ထက်မနည်း အပါအဝင် အသံထက်မြန်သော လက်နက်များအတွက် သုတေသနပြုနေရာ ၂ ခုရှိသည်။ စမ်းသပ်ပျံသန်းရာ ဥမင်လိုဏ်ခေါင်းအချို့သည် အသံထက် ၁၂ ဆ (Mach 12) အထိ မြန်သောနှုန်းဖြင့် ပျံသန်းနေသည့်ယာဉ်များကို စမ်းသပ်နိုင်သည်။

တရုတ်နိုင်ငံ၏ အသံထက်မြန်သည့်လက်နက်များတွင် ၁၆၀၀၀ ကီလိုမီတာ အကွာအထိ ရောက်ရှိနိုင်သော အသံထက်မြန်သောထိပ်ဖူးပါဝင်သည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် DF-17 ပါဝင်သည်။
တရုတ်တွင် အသံထက်မြန်သော ထိပ်ဖူးကို သယ်ဆောင်နိုင်သည့် DF-41 တိုက်ချင်းပစ်ဒုံးကျည်ကိုလည်း ပိုင်ဆိုင်ထားသည်။ 

အမေရိကန်စစ်တပ်သည် အသံထက်မြန်သည့် လက်နက်မျိုးစုံကို တီထွင်ထုတ်လုပ်လျက်ရှိပြီး ၎င်းတို့အားလုံးကို စမ်းသပ်၊ တီထွင်နေဆဲဖြစ်သည်။ တရုတ်နှင့် ရုရှားတို့နှင့်မတူဘဲ အမေရိကန်သည် ၎င်း၏ အသံထက်မြန်သော လက်နက်များကို နျူကလီးယာထိပ်ဖူး တပ်ဆင်သွားရန် အစီအစဉ်မရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly