ကမ္ဘာ့ရေးရာ အပြောင်းအလဲများအကြား တိဗက်လူမျိုးများအတွက် မျှော်လင့်ချက်အသစ်များ ထွက်ပေါ်လာ

By The Print
17 March 2023
ကမ္ဘာ့ရေးရာ အပြောင်းအလဲများအကြား တိဗက်လူမျိုးများအတွက် မျှော်လင့်ချက်အသစ်များ ထွက်ပေါ်လာ

တရုတ်၏ အုပ်ချုပ်မှုစနစ်ကို ဆက်လက်ထိန်းသိမ်းထားရန် ရုန်းကန်နေရသည့် သမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) တို့၏ အရှိန်မြှင့်လုပ်ဆောင်လာသော အမျိုးသားရေးဝါဒီ အဟောအပြောများအကြားတွင် သိမ်းပိုက်ခံတိဗက်နှင့် အခြားနိုင်ငံများမှ ကျွန်ပြုခံ ပြည်သူများအတွက် မျှော်လင့်ချက်ရောင်ခြည်များကို မြင်တွေ့လာရပြီဖြစ်ကြောင်း နိုင်ငံစုံမှ တိဗက်ရေးရာ ပညာရှင်များက ပြောကြားလိုက်သည်။ 

တရုတ်အုပ်ချုပ်မှုအောက်တွင်နေထိုင်သော တိဗက်လူမျိုးများကြားတွင် အဆိုပါ အုပ်ချုပ်မှုကို ဆက်ခုခံနေမှုနှင့်ပတ်သက်၍ မျှော်လင့်ချက် ကြီးကြီးမားမား မြင်တွေ့လာရပြီဖြစ်ကြောင်း တရုတ်ကိုလိုနီနယ်ချဲ့အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ၆၄ နှစ်မြောက် တိဗက်ပြည်သူ့အရေးတော်ပုံအကြိုအဖြစ် အွန်လိုင်းမှတစ်ဆင့်ကျင်းပသည့် နိုင်ငံတကာနှီးနှောဖလှယ်ပွဲတစ်ခုတွင် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု Phayul ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

အဆိုပါ အွန်လိုင်းနှီးနှောဖလှယ်ပွဲကို ဟိမဝန္တာအာရှလေ့လာရေးနှင့် ထိတွေ့ဆက်ဆံမှုဗဟိုဌာန (CHASE)နှင့် တိဗက်လူငယ်အဖွဲ့(TYC) တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး ‘လက်ရှိနိုင်ငံတကာ အခင်းအကျင်းတွင် တိဗက်လွတ်လပ်ရေး မျှော်လင့်ချက်နှင့် ဖြစ်နိုင်ခြေများ’ ခေါင်းစဉ်ဖြင့်  ဆွေးနွေးခဲ့ကြသည်။

ကျွမ်းကျင်သူများသည် ၂၀၀၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် တရုတ်ဆန့်ကျင်ရေး တိဗက်ဆန္ဒပြပွဲများအကြောင်း အလေးပေးပြောကြားခဲ့ကြသည်။ ဒလိုင်းလားမား ပြည်တွင်း၌မရှိတော့သည်မှာ ဆယ်စုနှစ် ၆ ခုကျော် ကြာပြီဖြစ်သော်လည်း တိဗက်လူမျိုးများ၏ လေးနက်သော ကြည်ညိုမှု၊ အဆုံးမသတ်နိုင်သေးသော မိမိကိုယ်ကို မီးရှို့သတ်သေဆန္ဒပြမှုများ၊ တိဗက်တစ်ဝန်းတွင် လူထုနှင့် တစ်ဦးချင်း မကြာခဏ ဆန္ဒပြမှုများ အကြောင်းတို့ကို နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့ကြသည်။  

တရုတ်က တိဗက်တို့၏ ဘဝနေထိုင်မှုအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားသော်လည်း တိဗက်လူမျိုးများ၏ ရှင်သန်နေဆဲ လွတ်လပ်ရေးစိတ်ဓာတ်ကို အဆိုပါ လုပ်ဆောင်ချက်များက ရှင်းရှင်းလင်းလင်း ဖော်ညွှန်းပြသနေကြောင်း  Phayul သတင်းတွင် ဖော်ပြခဲ့သည်။

တိဗက်ကလေးငယ် ထောင်ပေါင်းများစွာကို ကွန်မြူနစ်ဝါဒရိုက်သွင်းရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လက္ခာများကို ဖျောက်ဖျက်အရေးအတွက် တရုတ်ကွန်မြူနစ်ပါတီကျောင်းများတွင် အဓမ္မထိန်းသိမ်းထားရန် မိသားစုနှင့်ဝေးရာသို့ ခေါ်ဆောင်သွားသည့် သမ္မတ ရှီကျင့်ဖျင်နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ လုပ်ဆောင်ချက်သစ်အပေါ် ကမ္ဘာ့အသိုင်းအဝိုင်းက အာရုံစိုက်လာစေရန် ကျွမ်းကျင်သူ လာဂျာရီက ပြောကြားခဲ့ကြောင်း Phayul သတင်းတွင် ဖော်ပြခဲ့သည်။

လက်ရှိဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲတွင် တရုတ်၏အခန်းကဏ္ဍအပေါ် စိုးရိမ်ကြောင်း  ကျွမ်းကျင်သူ ကိုင်မူးလာက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ရုရှား၏ ရင်းနှီးသောမဟာမိတ်နိုင်ငံဖြစ်လာကြောင်းနှင့် ယခုစစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ရုရှားနှင့် ရိုးသားသော စေ့စပ်ညှိနှိုင်းမှုမှန်သမျှကို အားကိုး၍မရကြောင်း အနောက်နိုင်ငံများက ပိုမိုသဘောပေါက်လာကြပြီဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

စွမ်းအင်အတွက် အရင်းအမြစ်တစ်ခုတည်းအပေါ် လုံးဝမှီခိုနေရသည့် ပြဿနာသည် ယူကရိန်းစစ်ပွဲအတွင်း အနောက်နိုင်ငံများကြား အလွန် သိသာထင်ရှားလာကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါအခြေအနေကြောင့် ယခုအခါ တရုတ်နှင့် ကုန်သွယ်မှု လက်တွဲဖြုတ်ခြင်းနှင့် ပုံစံပြောင်းလဲခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ကိုင်မူးလာက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly