တရုတ်ကို တန်ပြန်ရေးအတွက် ဘီလီယံချီ သုံးစွဲမည့် အစီအစဉ်များ အမေရိကန်အစိုးရ၏ ဘတ်ဂျက်အစီ အစဉ်တွင် ပါဝင်လာ

By Reuters 
17 March 2023
တရုတ်ကို တန်ပြန်ရေးအတွက် ဘီလီယံချီ သုံးစွဲမည့် အစီအစဉ်များ အမေရိကန်အစိုးရ၏ ဘတ်ဂျက်အစီ အစဉ်တွင် ပါဝင်လာ

တရုတ်အား တန်ပြန်ရန် ရည်ရွယ်၍ အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်မိတ်ဖက်များနှင့် မဟာမိတ်များကို အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားပံ့ပိုးကူညီမှုများမှ တစ်ဆင့် ထောက်ပံ့ရေးအတွက် အမေရိကန်အစိုးရအဖွဲ့၏ မတ်လ ၉ ရက်တွင် တင်ပြခဲ့သော ဘတ်ဂျက်အစီအစဉ်တွင် ရန်ပုံငွေဒေါ်လာ ဘီလီယံပေါင်းများစွာ ထည့်သွင်းတောင်းခံထားသည်။

စီမံခန့်ခွဲမှုနှင့် အရင်းအမြစ်များဆိုင်ရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘတ်က အမေရိကန်နှင့် တရုတ်ပြိုင်ဆိုင်မှုသည် ပုံမှန်မဟုတ်ဘဲ ကျယ်ပြန့် ရှုပ်ထွေးသဖြင့် ပုံစံအသစ်ဖြင့် ရန်ပုံငွေတောင်းခံရခြင်း ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

"တရုတ်ရဲ့ မျိုးဆက်အလိုက် စိန်ခေါ်မှုအတွက် အမေရိကန်ရဲ့ ချဉ်းကပ်မှုက ပြည်တွင်းစွမ်းဆောင်ရည်များ အ တွက် ရင်းနှီးမြှုပ်နှံရန်၊ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ချိန်ညှိကာ အကျိုးစီးပွားနဲ့ တန်ဖိုးထားမှုတွေ ကွဲပြားတဲ့နေရာတွေမှာ တရုတ်နဲ့ ယဉ်ပြိုင်ဖို့ပါပဲ" ဟု ဘတ်စ်က တရုတ်ကို ရည်ညွှန်း ပြောဆိုခဲ့သည်။ 

ပါတီခေါင်းဆောင်များက တရုတ်ကို တန်ပြန်ရန် ကြိုးပမ်းမှုများကို ယေဘုယျအားဖြင့် ထောက်ခံသော်လည်း ဘိုင်ဒန်၏ ဘတ်ဂျက်အဆိုပြုချက်ကို ရီပတ်ဘလီကန်အမတ်များက ပြင်းထန်စွာ ကန့်ကွက်နေသည်။

အမေရိကန်၏ ၂၀၂၄ ခုနှစ်အတွက် ဘတ်ဂျက်အဆိုပြုချက်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြဿနာရှာသော တရုတ်၏ အပြုအမူများကို တန်ပြန်ရေးအတွက် ရန်ပုံငွေအတွက် ဒေါ်လာ သန်း ၄၀ဝ ပါဝင်သည်။

အခြေခံအဆောက်အအုံစီမံကိန်းများကို ပံ့ပိုးရန် ဒေါ်လာ ၂ ဘီလီယံနှင့် အင်ဒို-ပစိဖိတ်စီးပွားရေးကို အား ကောင်းစေရေးနှင့် တရုတ်ကိုတွန်းလှန်ရေး မိတ်ဖက်နိုင်ငံများအား ပံ့ပိုးကူညီရန် ဒေါ်လာ ၂ ဘီလီယံ ပါဝင်သည့် အစဉ်အလာ ရန်ပုံငွေအပြင် အစိုးရက မသုံးမဖြစ်အသုံးစရိတ်ကို တောင်းခံထားကြောင်း ဘတ်စ်က ပြောကြားခဲ့သည်။

တရုတ်ဩဇာကြီးထွားနေပြီး အမေရိကန်နှင့် ယှဉ်ပြိုင်ဆိုင်နေသည့် ပစိဖိတ်ကျွန်းစုများတွင် အမေရိကန်၏ သြဇာတိုးချဲ့ရေးအတွက်လည်း ဘတ်ဂျက်တွင် တောင်းခံထားကြောင်း ၎င်းက ပြောကြားသည်။

ခါးပတ်လမ်းရပ်ဝန်း အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများမှတစ်ဆင့် တရုတ်က နိုင်ငံရပ်ခြားတွင် မြှုပ်နှံ နေသော ဧရာမရန်ပုံငွေများနှင့် နှိုင်းယှဉ်ပါက နည်းပါးသော်လည်း အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုသည် အရည်အသွေးမြင့် အခြေခံအဆောက်အအုံစီမံကိန်းများကို အာရုံစိုက်ပြီး ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly