ကမ္ဘာ့နိုင်ငံရေးကို ပြန်လည်ပုံဖော်ရန် တရုတ်က ရုရှားထံ လက်နက်များ ထောက်ပံ့လာနိုင်

By The Print
17 March 2023
ကမ္ဘာ့နိုင်ငံရေးကို ပြန်လည်ပုံဖော်ရန် တရုတ်က ရုရှားထံ လက်နက်များ ထောက်ပံ့လာနိုင်

ယူကရိန်းစစ်ပွဲတွင် ရုရှားအောင်မြင်ခဲ့လျှင် ကမ္ဘာ့နိုင်ငံရေးနှင့် အင်အားကို ပြန်လည်ပုံဖော်လိုသည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များနှင့် ကွက်တိဖြစ်သွားမည်ဖြစ်ပြီး တရုတ်အား စီးပွားရေးနှင့် စစ်ရေးခေါင်းဆောင်ဖြစ်လာစေရန် အထောက်အကူပြုနိုင်ကြောင်း Asia Times တွင် ဖော်ပြထားသည်။  

တရုတ်၏ မဟာအင်အားကြီးအဆင့်အတန်းကို မြှင့်တင်ပေးမည့် ကမ္ဘာ့နိုင်ငံရေးနှင့် အင်အားကို ပြန်လည်ပုံဖော်ရန် ရည်မှန်းပြီး တရုတ်သည် ရုရှားစစ်ပွဲကို လက်နက်များထောက်ပံ့လာနိုင်ကြောင်း ဘွိုင်စီပြည်နယ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ မိုက်ကယ်အေအယ်လန်က Asia Times တွင် ရေးသားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပေကျင်း၌ ကျင်းပသော ဆောင်းရာသီ အိုလံပစ်ပွဲတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးကို ပြန်လည်ပုံဖော်ရန် တောင်းဆိုသည့် ပူးတွဲစာတမ်းကို ထုတ်ပြန်ခဲ့သည်။
အမေရိကန်၏ ဦးဆောင်မှုမပါဘဲ တရုတ်နှင့် ရုရှားတို့က ပိုမို ထိန်းချုပ်လွှမ်းမိုးသည့် ကမ္ဘာကြီးကို ဖော်ဆောင်ရေး ဘုံတန်ဖိုးထားမှုများနှင့် မျှော်မှန်းချက်များကို အဆိုပါ ရှည်လျားသည့်ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြထားသည်။

တရုတ်သည် ရုရှားသို့ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် ဒရုန်းများ ပေးပို့ရန် စဉ်းစားလျက်ရှိကြောင်း အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်ထားသော အချက်အလက်များတွင် ဖော်ပြထားသည်။ တရုတ်၏ စစ်ရေးအကူအညီသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို တိုက်ရိုက်အထောက်အပံ့ဖြစ်စေမည်ဟု Asia Times တွင် ဖော်ပြခဲ့သည်။

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် ငွေကုန်လူပန်းဖြစ်နေချိန်တွင် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဆုတ်ယုတ်မှုများကြောင့် ရုရှားသည် အကူညီပေးနိုင်မည့် အစိုးရထံမှ အကူအညီတောင်းခံလာခြင်း ဖြစ်သည်။

ရုရှားသည် မြောက်ကိုရီးယားနှင့် အိမ်နီးချင်းနိုင်ငံ ဘီလာရုစ်ကဲ့သို့သော မဟာမိတ်များထံမှ လက်နက်များနှင့် အခြားစစ်ရေးဆိုင်ရာ အထောက်အပံ့များ ရရှိရန် ကြိုးပမ်းခဲ့သည်ဟု အယ်လ်လန်က ရေးသားခဲ့သည်။

တရုတ်က ရုရှားထံ စစ်ရေးအကူအညီပေးမည့် ဆုံးဖြတ်ချက်ကို လူသိရှင်ကြား မကြေညာသေးသော်လည်း ရုရှားအနေဖြင့် တရုတ်က ပေးမည့် အကူအညီမှန်သမျှကို လက်ခံကြိုဆိုမည်ဖြစ်ကြောင်း အယ်လန်က ဆိုသည်။

စစ်ရေးကုန်ကျစရိတ်များသော်လည်း တရုတ်သည် အကြောင်းပြချက်အနည်းငယ်ဖြင့် ရုရှားထံစစ်ဘက်ဆိုင်ရာ ပစ္စည်းများကို ထောက်ပံ့ပေးရန် စဉ်းစားလျက်ရှိသည်။

ရုရှားသည် မူလစီစဉ်ထားသည့်အတိုင်း ယူကရိန်းစစ်ပွဲကို မြန်မြန်ဆန်ဆန် အနိုင်ရခဲ့လျှင် တရုတ်က ထိုင်ဝမ်ကို အလားတူကျူးကျော်ရန် နည်းပေးလမ်းပြသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း Asia Times တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးအစိုးရနှင့် အခြား အနောက်အင်အားကြီးနိုင်ငံများက တရုတ်အနေဖြင့် ယူကရိန်းပဋိပက္ခတွင် မပါဝင်သင့်ကြောင်း လွန်ခဲ့သည့်လအနည်းငယ်က သတိပေးထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly