ထိုင်ဝမ်ကို ပိတ်ဆို့ထားသည့် တရုတ်သင်္ဘောများကို တိုက်ခိုက်နှစ်မြှုပ်ပစ်ရမည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီး သတိပေး

By The Print 
17 March 2023
ထိုင်ဝမ်ကို ပိတ်ဆို့ထားသည့် တရုတ်သင်္ဘောများကို တိုက်ခိုက်နှစ်မြှုပ်ပစ်ရမည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီး သတိပေး

ထိုင်ဝမ်အား ပိတ်ဆို့ထားမှုကို ချိုးဖျက်ရန် အမေရိကန်က တရုတ်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်ရမည်ဟု ပစိဖိတ်လေတပ် (PACAF) မှ တပ်မှူး ဗိုလ်ချုပ်ကြီး ကန်နက်ဝီလ်စ်ဘက်ချ်က ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့တွင် မတ်လ ၈ ရက်ကပြုလုပ်သည့် လေကြောင်းနှင့် ကာသတပ်ဖွဲ့များအသင်းစာတမ်းဖတ်ပွဲတွင် ဝီလ်စ်ဘက်ချ်က "ဒီလိုသင်္ဘောတွေကို နှစ်မြှုပ်ပစ်ရမှာပဲ၊ အမေရိကန်အနေနဲ့ အဲ့ဒီဒေသမှာ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေကိုသုံးပြီး စုပြုံပစ်ခတ်တိုက်ခိုက်ရမှာပါ၊ Northrop Grumman B-21 Raider ဗုံးကြဲလေယာဉ်တွေက အသုံးဝင်နိုင်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်း၌ သင်္ဘောများ တပ်ဖြန့်ချထားပြီး ပိတ်ဆို့တားဆီးခဲ့သည်ဟု Military.com ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ကြောင်း ဝီလ်စ်ဘက်ချ်က ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် သြဂုတ်လတွင် ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးနောက် တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် တရုတ်က ထိုင်ဝမ်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

သင်္ဘောများပေါ်တွင် တပ်ဆင်ထားသော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကြောင့် အခြားနိုင်ငံမှ စစ်လေယာဉ်များသည် ပစ်ချခံရမည်စိုးရိမ်ပြီး မဝင်လာရဲအောင် တားဆီးသည့် တားမြစ်/ကန့်သတ်ဇုန်ကို ဖြစ်ပေါ်စေခဲ့ကြောင်း ဝီလ်စ်ဘက်ချ်က ပြောကြားခဲ့သည်။

အမေရိကန်၏ ဦးစားပေးမှာ တရုတ်၏ ကျူးကျော်ခြင်းကို ဟန့်တားရန်ဖြစ်သော်လည်း တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ခဲ့ပါက စစ်တပ်အနေဖြင့် အရေးပေါ်အခြေအနေများကို ထည့်တွက်ထားရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုများ ပေါ်ပေါက်လာပါက ပထမဦးဆုံးလုပ်ရမည့် ကိစ္စမှာ သင်္ဘောများကို နှစ်မြှုပ်ပစ်ရန်ဖြစ်ကြောင်း Taiwan News သတင်းတွင် ဖော်ပြခဲ့သည်။

အမေရိကန် ပစိဖိတ်လေတပ် (PACAF) ၏ အဓိက ရည်ရွယ်ချက်မှာ တရုတ်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်ခြင်းတစ်ခုတည်း မဟုတ်ဘဲ အလားတူ ပဋိပက္ခတွင် ပါဝင်လာသူမှန်သမျှကိုလည်း ထိုသို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝီလ်စ်ဘက်ချ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့်ပတ်သက်၍ ပြုလွယ်ပြောင်းလွယ်ရှိသော ရေရှည် မဟာဗျူဟာကို ချမှတ်ခဲ့သည်။ အဆိုပါ မဟာဗျူဟာတွင် ခြိမ်းခြောက်မှုအဆင့်အလိုက် စစ်ရေးလုပ်ဆောင်ချက်များတိုးမြှင့်ပြီး ပိတ်ဆို့မှုဖြစ်စေမည့် စစ်ရေးလေ့ကျင့်မှုများကို အခါအားလျော်စွာ ပြုလုပ်သွားမည့် အစီအစဉ်များ ပါဝင်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly