ဇင်းကျိုက်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ၈ ချက် ပစ်သတ်ခံရ 

By YT  ( မဇ္ဈိမ)
16 March 2023
ဇင်းကျိုက်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ၈ ချက် ပစ်သတ်ခံရ 

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ပေါ် ရှိ ဖလပ်ကျေးရွာ အမှတ် (၂) ရပ်ကွက်၏  အုပ်ချုပ်ရေးမှူးအား အထူးစစ်ဆင်ရေးတပ်ဖွဲ့- (S.O.F) မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်သတ်လိုက်ကြောင်း တပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ 

အသတ်ခံရသူသည် ဇင်းကျိုက်မြို့၊ ဖလပ်ကျေးရွာ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုး (ခ) စတီးရိုး ဆိုသူ ဖြစ်သည်။ 

၎င်းသည် မတ်လ ၁၄ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်- မော်လမြိုင် ကားလမ်းမပေါ်၌ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း သွားနေစဉ် အနီးကပ် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။ 

ဦးကျော်စိုးမိုးသည် ၉ မမ ပစ္စတိုသေနတ်ဖြင့် ရှစ်ချက် အပစ်ခံရမှုကြောင့် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘက်၊ ဆီးခုံတို့တွင် ရရှိသော ကျည်ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။ 

"အကြမ်းဖက်ခံရမှုများ၊ နစ်နာမှုများလာသဖြင့် ဒေသခံများထံမှ တိုင်ကြား ချက်များ မကြာခဏ ကြားလာရသောကြောင့် ယခုကဲ့သို့ ရှင်းလင်းလိုက်ရခြင်း" ဟု S.O.F ၏ တာဝန်ရှိသူက ပြောသည်။ 

ပစ်သတ်ခံရသော ဦးကျော်စိုးမိုးသည် ဇင်းကျိုက်မြို့၊ ဥတ္တံတားကျေးရွာအုပ်ချုပ် ရေးမှူးရွေးစဉ်ကာလက" သတ္တိရှိတဲ့ကောင်လာစမ်း၊ ဥတ္တံတားရွာကို ငါကိုယ်တိုင် အုပ်ချုပ်ရေးမှူးလုပ်ပြမယ်" ဟု ကြုံးဝါးခဲ့သူဖြစ်ကြောင်း S.O.F က ထုတ်ပြန်ထားသည်။ 

၎င်းသည် စစ်ကောင်စီတပ်၊ ရဲများနှင့် ပေါင်း၍ CDM၊ PDF များအား ဖော်ထုတ်၍ ဖမ်းဆီးခြင်း၊ PDF မိသားစုဝင်များအား ဖမ်းဆီးခြင်းနှင့် ငွေကြေးအများအပြား တောင်းခံခြင်းတို့ကို ဆောင်ရွက်ခဲ့သူဖြစ်ကြောင်းလည်း S.O.F က ဆိုသည်။ 

"သူ့အကြောင်းတော့ သေချာတော့ မသိပါဘူး။ ရဲတွေနဲ့ သွားလာတာတော့ တွေ့ဖူးပါတယ်" ဟု ဇင်းကျိုက်မြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အထူးစစ်ဆင်ရေးတပ်ဖွဲ့- SOF သည် ယခု မတ်လ ၁၁ ရက်နေ့ကလည်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ ရင်းငြိမ်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပေါင်မြို့နယ်ရှိ USDP ပါတီဝင် ဦးကိုကိုလေးနှင့် ရင်းငြိမ်ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီတို့လည်း နန်းထိုက်အောင် စစ်ဆင်ရေးအောက်တွင် ပစ်သတ်ခံခဲ့ကြရသည်။ 

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly