တရုတ်နှင့် ဆက်ဆံရေးထက် ထိုင်ဝမ်ကို ကာကွယ်ရန် အမေရိကန်အများစုက ရွေးချယ်

By Taipei Times
16 March 2023
တရုတ်နှင့် ဆက်ဆံရေးထက် ထိုင်ဝမ်ကို ကာကွယ်ရန် အမေရိကန်အများစုက ရွေးချယ်

ထိုင်ဝမ်ကို ကာကွယ်ခြင်းသည် တရုတ်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းခြင်းထက် ပိုအရေးကြီး ကြောင်း စစ်တမ်းဖြေဆိုသူ အမေရိကန်ထက်ဝက်ကျော်က ဖြေကြားခဲ့ကြောင်း The Economist နှင့် YouGov မှ ပြုလုပ်သော စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို ဖေဖော်ဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၂၈ရက်အထိ ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် အမေရိကန်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၁ ၅၀ဝ ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်အား တရုတ်က အင်အားသုံးသိမ်းပိုက်ခြင်းမပြုရေးအတွက် အမေရိကန်က ခိုင်ခိုင်မာမာရပ်တည်ရေးသည် ပိုမိုအရေးကြီးကြောင်း ဖြေဆိုသူ ၅၁ ရာခိုင်နှုန်းရှိပြီး တရုတ်နှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းရန်လိုလားကြောင်း ဖြေကြားသူက  ၂၄ ရာခိုင်နှုန်းရှိသည်။

ထိုင်ဝမ်နှင့် တရုတ်ဆက်ဆံရေးအကြောင်း အများအပြား သိရှိထားသူ ၇၀ ရာခိုင်နှုန်းက အမေရိကန်သည် ခိုင်ခိုင်မာမာရပ်တည်သင့်သည်ဟု ဆိုကြပြီး ၁၈ ရာခိုင်နှုန်းက တရုတ်နှင့် ကောင်းမွန်သောဆက်ဆံရေးကို ဆက်ထိန်းထားရန် ထောက်ခံပြောဆိုကြသည်။

ထိုင်ဝမ်နှင့်တရုတ် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားပါက အမေရိကန်က ထိုင်ဝမ်ကို စစ်အင်အားဖြင့် ကာကွယ် သင့်ကြောင်း ဖြေဆိုသူမှာ  ၃၇ ရာခိုင်နှုန်းရှိသည်။

ရေလက်ကြားဖြတ်ကျော်အခြေအနေအကြောင်း အကျွမ်းတဝင်ရှိသူများအနက် ၆၃ ရာခိုင်နှုန်းက ထိုင်ဝမ်အား စစ်အင်အားသုံး၍ ကာကွယ်သင့်ကြောင်း ပြောဆိုပြီး ၂၅ ရာခိုင်နှုန်းက သဘောမတူကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် အမေရိကန်၏ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက တရုတ်ကို ရန်သူအဖြစ် ရှုမြင်ကြပြီး ၃၅ ရာခိုင်နှုန်းက တရုတ်သည် အမေရိကန်အပေါ် ဖော်ရွေမှုမရှိဟု ဆိုသည်။ 

ထိုင်ဝမ်သည် အမေရိကန်၏ မဟာမိတ်ဖြစ်ကြောင်း ဖြေဆိုသူ ၂၄ ရာခိုင်နှုန်းရှိပြီး ၃၇ ရာခိုင်နှုန်းက ထိုင်ဝမ်အား ရင်းနှီးဖော်ရွေသော နိုင်ငံအဖြစ် ယူဆကြသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly