အာဖဂန်နစ္စတန်တွင် သတင်းသမားများကို တိုက်ခိုက်ခြင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေဟု ကုလသမဂ္ဂ ပြောကြား

By ANI 
16 March 2023
အာဖဂန်နစ္စတန်တွင် သတင်းသမားများကို တိုက်ခိုက်ခြင်းက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေဟု ကုလသမဂ္ဂ ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ မဇာ-အီ-ရှရစ်ဖ် ပြည်နယ်တွင် သတင်းထောက်များအား တိုက်ခိုက်ခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ထိုးနှက်ချက်ဖြစ်ကြောင်း အာဖဂန်နစ္စတန် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရစ်ချက်ဘန်းနက်က ပြောကြားခဲ့သည်ဟု Khaama Press က ဖော်ပြသည်။

မဇာ-အီ-ရှရစ်ဖ် ပြည်နယ်မြောက်ပိုင်းရှိ တပ်ဗ်ရန် ယဉ်ကျေးမှုစင်တာ၌ပြုလုပ်သော  သတင်းထောက်များအား ဆုချီးမြှင့်သည့် အခမ်းအနားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်နေကြောင်းနှင့် အာဖဂန်နစ္စတန်တွင် သတင်းထောက်များအတွက် လုံခြုံရေးအစီအမံများ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း ဘန်းနက်က ပြောကြားသည်။ 

"ဒီဖြစ်ရပ်မှာ လူ ၃ ဦး သေဆုံးပြီး သတင်းထောက် အများအပြား အပါအဝင် အခြား ၃၀ ဦး ဒဏ်ရာရခဲ့ပါတယ်" ဟု တပ်ဗ်ရန် ယဉ်ကျေးမှုစင်တာက ထုတ်ပြန်သည်။
ယင်းတိုက်ခိုက်မှုတွင် သတင်းထောက် ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး အာဖဂန်နစ္စတန်ရှိ သတင်းထောက်များနှင့် မီဒီယာသမားများအတွက် အခြေအနေ ပိုမိုခက်ခဲလာကြောင်း သတင်းထောက်များဆိုင်ရာ  ရှေ့နေအဖွဲ့က ပြောကြားသည်။

အာဖဂန်နစ္စတန်၏ စိန်ခေါ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကြီးအား အချိန်နှင့် တစ်ပြေးညီ အသိပေးရန် ကြိုးပမ်းနေသည့် သတင်းထောက်များအား ဂုဏ်ပြုရန် ရည်ရွယ်၍ မဇာ-အီ-ရှရစ်ဖ်တွင် စုဝေးမှု ပြုလုပ်ခဲ့ကြောင်း Khaama Press က ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် မဇာ-အီ-ရှရစ်ဖ်တွင် ၃ ရက်အတွင်း ဒုတိယအကြိမ်မြောက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။ ပထမအကြိမ်တိုက်ခိုက်မှုတွင် ဘာလ်ခ် အုပ်ချုပ်ရေးမှူး မူလာမူဟာမက် သေဆုံးခဲ့ပြီးနောက် ဒုတိယတိုက်ခိုက်မှုတွင် သတင်းထောက်များစုဝေးမှုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အိုင်အက်စ်အဖွဲ့က အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။
အာဖဂန်တွင် ၂၀၂၁ ခုနှစ်၌ တာလီဘန်တို့ အာဏာပြန်ရလာချိန်မှစ၍ မီဒီယာနှင့် သတင်းသမားများအပေါ် တင်းကျပ်သော ကန့်သတ်ချက်အချို့ကို ချမှတ်ခဲ့သည်။ ပုဂ္ဂလိက သို့မဟုတ် အများပိုင် မီဒီယာများနှင့် ရုပ်သံလိုင်းများသည် တာလီဘန်အစိုးရနှင့်  အဖွဲ့ဝင်များအား ဝေဖန်ပြောဆိုခွင့်မရှိပေ။

တာလီဘန်တို့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် ဖာရာပြည်နယ်ရှိ အမျိုးသမီးသတင်းထောက်များသည် ရပ်တန့်သွားခဲ့သော မီဒီယာလုပ်ငန်းများကို ပြန်လည်စတင်ရန် တောင်းဆိုခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly