အင်းတော်တွင် စစ်ကောင်စီတပ်ယာဉ်တန်း ၄ ကြိမ် တိုက်ခိုက်ခံရ 

By ကိုခင်မောင် (မဇ္ဈိမ)
16 March 2023
အင်းတော်တွင် စစ်ကောင်စီတပ်ယာဉ်တန်း ၄ ကြိမ် တိုက်ခိုက်ခံရ 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင် ၊ အင်းတော်မြို့နယ်တွင် မတ်လ ၁၄ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း လေးကြိမ်တိုက်ခိုက်ခံရပြီး ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း Indaw Revolution – IR မှ ယမန်နေ့ မတ်လ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။ 

အင်းတော်မြို့နယ် မော်လူး-နန့်စီးအောင်လမ်းပိုင်းနှင့် မော်လူး-အင်းတော်လမ်းပိုင်းတွင် မတ်လ ၁၄ရက်နေ့က စစ်ကောင်စီတပ်ကားများအား KIA၊KPDFပူးပေါင်းတပ်ဖွဲ့နှင့် Tiger Armyအဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

“သူတို့ ကားလေးစီးဆင်းလာခဲ့တာပေါ့နော်၊ ရိက္ခာကားတွေ ကားလေးစီးမှာမှ တစ်စီးကတော့ ပျက်စီးသွားတယ်။ အဲဒီနားမှာတင် ထိုးရပ်သွားတယ်။ တခြားအထိခိုက်ကတော့ ညဆိုတော့ သေချာမသိရဘူးဗျ။ သူတို့တွေကတော့ အင်းတော်တပ်ကုန်းရောက်တော့ အော်ဟစ်ဆဲဆိုနေကြတယ်။ အဲဒီနေ့ညမှာ  ဘေးပတ်ဝန်းကျင်တွေကို လက်နက်ကြီးလက်နက်ငယ်တွေရမ်းဖောက် ပစ်ခတ်နေတာ” ဟု IR-Team မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။ 

မတ်လ ၁၄ရက် နံနက် ၈နာရီအချိန်တွင် လမ်းလုံခြုံရေးယူရန် နန့်စီးအောင်မှဆင်းလာသော စစ်ကားသုံးစီးအား Tiger Armyအဖွဲ့မှ ရှေ့ထွက်မိုင်း ကိုးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ည ၉နာရီအချိန်ခန့်တွင်လည်း မိုးညှင်းဘက်မှဆင်းလာသော စစ်ရိက္ခာကား လေးစီးအား မော်လူးနှင့်နဘားကြားတွင် KIA၊ KPDFပူးပေါင်းအဖွဲ့များမှ နေရာသုံးခုခွဲကာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူထံမှ သိရသည်။ 

ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် နဘားရွာအနီးတွင် လက်နက်ကြီးများဖြင့် သုံးနာရီကြာ ရမ်းသန်းပစ်ခတ်သဖြင့် ကမ်းနီရွာရှိ နေအိမ်တစ်လုံးနှင့် နန်းမကြိုင်းရွာရှိ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထို့အပြင် နဘားရွာရှိ ဈေးဆိုင်ခန်းများကိုလည်း ဝင်ရောက်မွေနှောက်ကာ လမ်းမပေါ်တွင် မောင်းနှင်လာသော ယဉ်မောင်းကားဆရာများ၏ လက်ကိုင်ဖုန်းများနှင့်  ပိုက်ဆံများကို လုယူကာ ယူဆောင်သွားကြောင်းလည်း ဆိုသည်။ 

ဆက်လက်၍ အဆိုပါစစ်ကောင်စီတပ်သားများသည် ညအချိန်တွင် ကျွဲပျောက်လို့ရှာနေသည့်  တုံးလုံရွာသား အသက် ၃၀နှစ်အရွယ် ကိုအောင်ကောက် ဆိုသူကို ဖမ်းဆီးရိုက်နှက်ကာ ယနေ့နံနက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

“ကျွဲပျောက်လို့ရှာတာ ကားလမ်းမမှာ အဲဒီစစ်ကားတွေနဲ့တိုးတော့ ဖမ်းပြီးတော့ရိုက်တာပေါ့။ သူ့အမေကို ဖုန်းဆက်ပြီး ခင်ဗျားတို့သားကို မနက်ဖြန်အလောင်းလာထုတ်ဆိုပြီးပြောတာ ဒီမနက်သွားခေါ်တော့ မသေဘူးတဲ့ ရိုက်ပဲရိုက်နှက်ခံထားရတာတဲ့” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။ 

အင်းတော်မြို့နယ် တုံးလုံကျေးရွာသည်  စစ်တပ်ထောက်ခံသောကျေးရွာဖြစ်၍ ယခုလို ပြန်လွှတ်ပေးခြင်းဖြစ်နိုင်သည်ဟု ၎င်းတာဝန်ရှိသူက သုံးသပ်ထားသည်။ 

စာတည်း- သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly