ကနေဒါရဲများက ကွိဘက်ပြည်နယ်ရှိ တရုတ်လျှို့ဝှက်ရဲစခန်းများကို စုံစမ်းစစ်ဆေးနေ 

By BBC
16 March 2023
ကနေဒါရဲများက ကွိဘက်ပြည်နယ်ရှိ တရုတ်လျှို့ဝှက်ရဲစခန်းများကို စုံစမ်းစစ်ဆေးနေ 

ကနေဒါဖက်ဒရယ်ရဲတပ်ဖွဲ့က ကွိဘက်ပြည်နယ်ရှိ တရားမဝင် တရုတ်လျှို့ဝှက်ရဲစခန်းများနှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းစစ်ဆေးနေသည်။

တရုတ်ကိုယ်စားလုပ်ကိုင်နေသည်ဟု ယူဆရသည့် မွန်ထရီရယ်ဒေသရှိ နေရာ ၂ ခုကို စစ်ဆေးနေကြောင်း တော်ဝင်ကနေဒါရဲတပ်ဖွဲ့ (RCMP ) က ဆိုသည်။

ပြည်ပရောက် တရုတ်နိုင်ငံသားများကို ခြိမ်းခြောက်၊ စောင့်ကြည့်ရေးအတွက် ယင်းစခန်းများကို အသုံးပြုနေ ကြောင်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။
တရုတ်က အဆိုပါစခန်းများသည် နိုင်ငံရပ်ခြားရှိ တရုတ်နိုင်ငံသားများအတွက် ဝန်ဆောင်မှုဗဟိုဌာနများဖြစ်ပြီး ရဲစခန်းများမဟုတ်ကြောင်း ငြင်းဆိုထားသည်။

ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက မတ်လ ၉ ရက်တွင် မီဒီယာများနှင့်တွေ့ဆုံရာတွင် ကနေဒါအစိုးရက ယင်းကိစ္စကို အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ရဲတပ်ဖွဲ့က ဒါကို လိုက်လံဆောင်ရွက်နေပြီး ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးတွေက ဒါကို အလေးအနက်ထား လုပ်ဆောင်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်တွင် ပျောက်ဆုံးသွားသူများကို စောင့်ကြည့်လေ့လာနေသည့် စပိန်အခြေစိုက် အင်န်ဂျီအို Safeguard Defenders က ဗြိတိန်နှင့် အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် တရုတ်ရဲစခန်း ၁၀ဝ ထက်မနည်းရှိသည်ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။  

အဆိုပါရဲစခန်းများသည် ၎င်းတို့ပစ်မှတ်များကို ဖိနှိပ်ရန်၊ ခြိမ်းခြောက်ရန်၊အကျပ်ကိုင်ရန်နှင့် နေရပ်သို့ ပြန်ရေး ဖိအားပေးရန် တရုတ်အစိုးရ ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း Safeguard Defenders က ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မဟာတိုရွန်တိုဧရိယာတွင် လုပ်ကိုင်နေသော ယင်းရဲစခန်းများနှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းစစ်ဆေးနေကြောင်း တော်ဝင်ကနေဒါရဲတပ်ဖွဲ့ (RCMP) က နိုဝင်ဘာလတွင် အတည်ပြုပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly