တိဗက်အမျိုးသမီးများအရေးတော်ပုံနေ့တွင် အဝေးရောက်တိဗက်များက တရုတ်ကို ကန့်ကွက်ဆန္ဒပြ

By ANI
15 March 2023
တိဗက်အမျိုးသမီးများအရေးတော်ပုံနေ့တွင် အဝေးရောက်တိဗက်များက တရုတ်ကို ကန့်ကွက်ဆန္ဒပြ

ပြည်ပရောက် တိဗက်အမျိုးသမီးများက ၆၄ နှစ်မြောက် တိဗက်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် တရုတ်ကို ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို မတ်လ ၆ ရက်တွင် ပြုလုပ်ခဲ့သည်။ 

ပြည်ပရောက် တိဗက်အမျိုးသမီး ရာပေါင်းများစွာသည် အိန္ဒိယနိုင်ငံ၊ ဒါရမ်ရှာလာတွင် စုဝေးခဲ့ကြပြီး တိဗက်လွတ်လပ်ရေး ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။ တိဗက်အမျိုးသမီးများအဖွဲ့ (TWA) က ချီတက်ဆန္ဒပြမှုကို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲသည် တိဗက်ပြည်နယ် ၃ ခုစလုံးမှ တိဗက်အမျိုးသမီးများ စုပေါင်း၍ ရက်စက်ကြမ်းကြုတ်သော တရုတ်တပ်များ၏ သိမ်းပိုက်ခြင်းကို တိဗက်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ကန့်ကွက်သည့်နေ့ (၁၉၅၉ ခုနှစ်၊ မတ်လ ၁၂ ရက်) ကို အောက်မေ့တသသည့် အခမ်းအနားဖြစ်ကြောင်း၊ ယင်းကဲ့သို့ အခမ်းအနားများသည်  မျိုးဆက်သစ်လူငယ်များကို ကြိုးစားရုန်းကန်မှုအကြောင်း ပြသရန်နှင့် ယခုကဲ့သို့ အရေးကြီးသော အခြေအနေ၌ လွတ်လပ်ရေးတိုက်ပွဲတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ မည်မျှအရေးပါကြောင်း ပြသရန်ဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများက ဆိုသည်။ 

“တိဗက် လာဆာမြို့မှာ ၁၉၅၉ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိဗက်အမျိုးသမီးတွေရဲ့ အရေးတော်ပုံနေ့ နှစ်ပတ်လည်းအထိမ်းအမှတ်ဖြစ်တဲ့ အလွန်အရေးကြီးတဲ့ ဆန္ဒပြပွဲဆီ ကျွန်မ လာခဲ့တာပါ။ အဲဒီနေ့မှာ အကျဉ်းထောင်တွေနဲ့ အခြားနေရာတွေမှာ အမျိုးသမီးတွေ အများကြီး အသက်ဆုံးရှုံးခဲ့ရတာကို ပြည်ပရောက်အမျိုးသမီးတွေက ဘယ်တော့မှ မမေ့ပါဘူး”

 “ဒါကြောင့် အမျိုးသမီးတွေက ကိုယ့်တိုင်းပြည်အပေါ် ဘယ်လိုသဘောထားတယ်၊ တိဗက်ကို သိမ်းပိုက်ခံရမှုအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ ကမ္ဘာကြီးက သိစေချင်တယ်၊ မိမိတို့ရဲ့ စကားသံတွေကို နားထောင်ပြီး လွတ်လပ်သော တိဗက်ပြန်ဖြစ်လာရေး ကူညီကယ်တင်ပေးစေချင်လို့ ဆက်လက်အသက်ရှင် ရပ်တည်နေတာပါ” ဟု တိဗက်အမျိုးသမီးများအဖွဲ့ (TWA) တည်ထောင်သူ ရင်ချန်း ခန်ဒိုက ANI သတင်းသို့ ပြောကြားခဲ့သည်။

တိဗက် သီလရှင်ကြီး လော့်ဘ်ဆန်းဒက်ချန်းက “မိမိတို့ သက်ရှိထင်ရှားရှိနေသေးပြီး တိုင်းပြည်အတွက် တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း တရုတ်ကို သတိပေးချင်ပါတယ်၊ အသက်စတေးခဲ့ကြတဲ့ ပြည်သူတွေကို ဂုဏ်ပြုဖို့ ဒီကို ရောက်လာတာဖြစ်ပြီး လွတ်လပ်ရေးရဖို့ ကြိုးစားရုန်းကန်နေပါတယ်။ တရုတ်က မိမိတို့ရဲ့ စကားသံတွေကို အရေ

းစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမှာပါ။ ကိုယ့်တာဝန်ကို ကျေချင်တယ်၊ တိုက်ပွဲဝင်သွားမယ်” ဟု ပြောကြားခဲ့သည်။ 
တိဗက်အမျိုးသမီးများအဖွဲ့ (TWA)၏ တွဲဖက်အတွင်းရေးမှူး လာမိုချွန်စွန်းက ယခုဆန္ဒပြပွဲသည် မက်ခလီယိုဒန့်ချ်မှ ကာချာဟာရီရပ်ကွက်အထိ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခြင်းဖြစ်သည်ဟု ANI သို့ပြောသည်။

“၁၉၅၉ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ အလွှာပေါင်းစုံက တိဗက်အမျိုးသမီးတွေဟာ ညီညီညွတ်ညွတ်နဲ့ တိဗက်အပေါ် ရက်စက်တဲ့ ကျူးကျော်သိမ်းပိုက်မှုကို ပထမဆုံးအကြိမ် စိန်ခေါ်ခဲ့ပါတယ်။ အခုအချိန်အထိ တိဗက်ပြည်သူတွေ ဒုက္ခရောက်နေကြပြီး ထုတ်ဖော်ပြောဆိုခွင့်မရှိတဲ့ ပြည်သူတွေအစား မိမိတို့က ထုတ်ဖော်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ တိဗက်ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်တာကို ရပ်တန့်ဖို့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခြင်း ဖြစ်ပါတယ်” ဟု လာမိုချွန်စွန်းက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly