တရုတ်၏ လုပ်ရပ်များ အတင့်ရဲလာချိန်တွင် ထိုင်ဝမ်က မိုက်ခရိုနီးရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်း

By ANI 
15 March 2023
တရုတ်၏ လုပ်ရပ်များ အတင့်ရဲလာချိန်တွင် ထိုင်ဝမ်က မိုက်ခရိုနီးရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်း

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်က ရန်လိုသောအပြုအမူများလုပ်ဆောင်နေချိန်၌ ထိုင်ဝမ်က မိုက်ခရိုနီးရှားနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းလျက်ရှိသည်ဟု Taiwan News သတင်းဌာနက ဖော်ပြသည်။

မိုက်ခရိုနီးရှားသမ္မတ ဒေးဗစ်ပန်နျူရယ်လိုက တရုတ်အစား ထိုင်ဝမ်ကို အသိအမှတ်ပြုရန် လွှတ်တော်အမတ်များထံ ပန်ကြားစာတစ်စောင် ရေးသားပြီးနောက် ထိုင်ဝမ်ကလည်း  ဆက်ဆံရေးတိုးမြှင့်ရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။

မိုက်ခရိုနီးရှားသမ္မတ၏ လွှတ်တော်အမတ်များထံ ပန်ကြားမှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်က  စသံတမန် ရေးအရ သဘောထားချင်းတူသော နိုင်ငံများနှင့် သံတမန်ရေးအရ ဖလှယ်မှုများ လုပ်ဆောင်ပြီး ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သမ္မတ ပန်နျူရယ်လိုက စာမျက်နှာ ၁၃ ခုပါရှိသော ၎င်း၏ စာတွင် မိုက်ခရီုနီးရှားတွင် တရုတ်၏ နိုင်ငံရေးစစ်ဆင်နွှဲမှုများနှင့် ခြိမ်းခြောက်သည့်လုပ်ရပ်များပအအဝင် နိုင်ငံအတွင်းရှိ တရုတ်သံတမန်များ၏  ဆိုးရွားသောင်းကျန်းသော အပြုအမူများကို အသေးစိတ်ဖော်ပြထားသည်။

မိုက်ခရိုနီးရှားအနေဖြင့် တရုတ်အစား ထိုင်ဝမ်ကို သံတမန်ရေးအရအသိအမှတ်ပြုပါက ထိုင်ဝမ်ဆီမှ အမေရိကန် ဒေါ်လာ သန်း ၅၀၊ နှစ်စဉ် ဒေါ်လာ ၁၅ သန်းနှင့် ကျန်းမာရေး၊ ပညာသင်ဆုနှင့် သင်တန်းအစီအစဉ်များကို ရရှိမည်ဟု သမ္မတ၏ စာတွင် ဖော်ပြထားသည်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက မက်ခရိုနီးရှားသမ္မတ၏ စာနှင့် ပတ်သက်၍ ကွဲလွဲမှုအချို့ ရှိသော်လည်း ပန်နျူရယ်လိုနှင့် ဆက်သွယ်ဆွေးနွေးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် အနာဂတ်သံခင်းတမန်ခင်းအစီအစဉ်တွင် မိုက်ခရိုနီးရှားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ အကျိုးအတွက် ကူညီထောက်ပံ့ရန် မျှော်မှန်းထားသည်။
မိုက်ခရိုနီးရှားနှင့်ထိုင်ဝမ်အကြား အပြန်အလှန် ဆက်ဆံရေးတိုးမြှင့်ရန် အစီအစဉ်ကို ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြိုဆိုကြောင်း Taiwan News က ဖော်ပြထားသည်။

တရုတ်၏ ကတိပျက်မှုများ၊ လက်တွေ့မကျသော ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်းအစီအစဉ်လို မဟုတ်ဘဲ ထိုင်ဝမ်က လက်တွေ့ကျသော သံခင်းတမန်ခင်းနှင့် အပြန်အလှန် အကူအညီပေးရေး အသိစိတ်ကို ထားရှိကြောင်းနှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန် ပြည်သူတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ တိုးတက်စေရေး ကူညီပေးနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly