အာဖဂန်နစ္စတန်၌ သတင်းထောက်များအား ဂုဏ်ပြုပွဲတွင် ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ 

By ABC News
15 March 2023
အာဖဂန်နစ္စတန်၌ သတင်းထောက်များအား ဂုဏ်ပြုပွဲတွင် ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း မဇာ -အီ-ရှရစ်ဖ်မြို့တွင် မတ်လ ၁၁ ရက်က သတင်းထောက်များအတွက် ဂုဏ်ပြုဆုပေးပွဲအခမ်းအနားတစ်ခုအတွင်း ဗုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဘာလ်ခ်ပြည်နယ်၏ မြို့တော် မဇာ-အီ-ရှရစ်ဖ်မြို့ရှိ တာဘီရန်ယဉ်ကျေးမှုစင်တာတွင် ဆုပေးပွဲအခမ်းအနားအတွက် သတင်းထောက်များစုဝေးနေစဉ် နံနက် ၁၁ နာရီခန့် ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အစစ်ဖ် ဝါဇီရီက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် သတင်းထောက် ၅ ဦးနှင့် ကလေး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးအစောင့် ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူနာဖီတာကောက ဆိုသည်။
မဇာ -အီ-ရှရစ်ဖ်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဒူးရက်မူဇ်မယ်လ်နှင့် လူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့သော တိုက်ခိုက်မှုအပြီး ၂ ရက်အကြာတွင် ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သော သတင်းထောက်များတွင် Ariana News ရုပ်မြင်သံကြားဌာန၏ သတင်းထောက် နာဂျစ်ဖာရက်လည်း ပါဝင်သည်။ 

အဆိုပါ တိုက်ခိုက်မှုအား စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်အဖြစ်  အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂသံတမန်အဖွဲ့က ရှုတ်ချခဲ့သည်။
“အကြမ်းဖက်မှုတွေ ရပ်တန့်ရပါမယ်။ အာဖဂန်သတင်းထောက်တွေကို ကာကွယ်ပေးရပါမယ်။ ” ဟု ကုလသမဂ္ဂသံရုံးက တွစ်တာတွင် ရေးသားထားသည်။

အိုင်အက်စ်အဖွဲ့က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ 

တာလီဘန်က  ၂၀၂၁ ခုနှစ် သြဂုတ်လတွင် အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် အိုင်အက်စ်အဖွဲ့သည် တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။  ပစ်မှတ်ထားတိုက်ခိုက်မှုများတွင် တာလီဘန်လှည့်ကင်းများနှင့် အာဖဂန်နစ္စတန်ရှိ ရှီးယိုက်လူနည်းစုဝင်များ ပါဝင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly