တရုတ်က ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပါက ပြန်လည်ခုခံရန် အသင့်ပြင်ထားကြောင်း ထိုင်ဝမ် ပြောကြား

By ANI  
15 March 2023
တရုတ်က ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပါက ပြန်လည်ခုခံရန် အသင့်ပြင်ထားကြောင်း ထိုင်ဝမ် ပြောကြား

ထိုင်ဝမ် ပိုင်နက်နယ်မြေအတွင်းသို့  တရုတ်တပ်ဖွဲ့များ ဝင်ရောက်လာပါက လက်ဦးမှုယူကာ ပစ်ခတ်တိုက်ခိုက်ရန် အသင့်ပြင်ထားကြောင်းနှင့် ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများမြင့်တက်လာချိန်တွင် အနီးအနားနယ်မြေများသို့ တရုတ်စစ်တပ်က ရုတ်တရက် ဝင်ရောက်လာနိုင်သည့်အတွက် ထိုင်ဝမ်အနေဖြင့်  ၂၀၂၃ ခုနှစ်တွင် သတိထားရမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြောသည်။ 

တရုတ်က မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ နေ့စဉ်နီးပါး ကျူးကျော်ဝင်ရောက်မှုအပါအဝင် ထိုင်ဝမ်တစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

သို့သော် ထိုင်ဝမ်ကမ်းရိုးတန်းမှ ရေမိုင် ၄၄ ဒသမ ၄ ကီလိုမီတာ (ရေမိုင် ၂၄ မိုင်) ရှိ ဆက်စပ်ဇုန်အတွင်းသို့ တရုတ်တပ်ဖွဲ့များ ဝင်ရောက်သည့် ဖြစ်ရပ်မျိုး ထိုင်ဝမ်က အစီရင်ခံခြင်းမရှိသေးပေ။
သို့သော် ထိုင်ဝမ်သည် ၂၀၂၃ ခုနှစ်တွင် တရုတ်ကမ်းလွန်အနီးရှိ ကျွန်းငယ်တစ်ခု၏ ဝေဟင်ပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် အရပ်သားဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း Al Jazeera က ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ထိုင်ဝမ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းကို မကျေနပ်သဖြင့် တရုတ်စစ်တပ်က ထိုင်ဝမ်၏ ပိုင်နက်လေကြောင်းနှင့် ပင်လယ်ပြင်အနီးရှိ နယ်မြေများသို့ ဝင်ရောက်ရန် ဆင်ခြေရှာနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး ချူကောင်ချန်က မတ်လ ၆ ရက်တွင် ပါလီမန်အမတ်များ၏ မေးခွန်းများကို ဖြေကြားစဉ်  ပြောကြားခဲ့သည်။ 

တရုတ်စစ်တပ်သည် ထိုင်ဝမ်နှင့် ထိစပ်နေသောဇုန်အတွင်းသို့ ရုတ်တရက်ဝင်ရောက်ကာ ယင်း၏ ကမ်းရိုးတန်းမှ ၂၂ ကီလိုမီတာ (ရေမိုင် ၁၂ မိုင်) အကွာရှိ ပိုင်နက်နယ်မြေဆီအထိ ရောက်ရှိလာနိုင်ကြောင်း ချူကောင်ချန်က ပြောသည်။ 

" တရုတ်က ဒီလိုပြင်ဆင်မှုတွေ လုပ်နေလို့ ဒီနှစ်မှာ ဒီမှတ်ချက်တွေကို ပြောနေရတာပါ။ စောင့်ကြည့်နေပါတယ်၊ တကယ်တမ်းတိုက်မယ်ဆိုရင် သူတို့က အင်အားသုံးမှာပါ။" ဟု ချူကောင်ချန်က ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက တရုတ်က အချုပ်အခြာအာဏာနှင့် ပိုင်နက် နယ်မြေ ဂုဏ်သိက္ခာကို ကာကွယ်ရန် ခိုင်မာသော အစီအမံများကို လုပ်ဆောင်မည်ဖြစ်ကြောင်း နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်စစ်တပ်က ယင်း၏ ပိုင်နက်အတွင်းသို့ ဝင်ရောက်လာပါက ကိုယ်ပိုင်ကာကွယ်ရေးနှင့် တန်ပြန်တိုက်ခိုက် ပိုင်ခွင့်ကို အသုံးချမည်ဖြစ်ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်ဟု Al Jazeera က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly