ပါကစ္စတန်ရှိ စီးပွားရေးစင်္ကြံအောက်တွင် ပါဝင်သည့် လျှပ်စစ်စီမံကိန်းများမှ တရုတ် ကုမ္ပဏီများ ငွေကြေးပြဿနာ ကြုံတွေ့နေရ

By ANI  
15 March 2023
 ပါကစ္စတန်ရှိ စီးပွားရေးစင်္ကြံအောက်တွင် ပါဝင်သည့် လျှပ်စစ်စီမံကိန်းများမှ တရုတ် ကုမ္ပဏီများ ငွေကြေးပြဿနာ ကြုံတွေ့နေရ

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) အောက်ရှိ လျှပ်စစ်ဓာတ်အားစီမံကိန်းများတွင် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများသည် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပါကစ္စတန်အခြေစိုက် Business Recorder က ဖော်ပြလိုက်သည်။

တရုတ်ကုမ္ပဏီများသည် ပေကျင်းမြို့ရှိ ပါကစ္စတန်သံရုံးနှင့် အစ္စလာမာဘတ်မြို့ရှိ တရုတ်သံရုံးတို့မှတစ်ဆင့် ဆွေးနွေးပွဲများအားလုံးတွင် ယင်းပြဿနာကို တင်ပြခဲ့ကြသည်။

စီမံကိန်းစတင်ပြီးသော ကုမ္ပဏီများက စာချုပ်ပါဝတ္တရားများကို မလိုက်နာခြင်းကြောင့် တရုတ်အာမခံကုမ္ပဏီ Sinosure အနေဖြင့် လျှပ်စစ်စီမံကိန်းများအတွက် ဘဏ္ဍာငွေအသစ်များကို အာမခံပေးရန် ဆန္ဒမရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆင်းဒ်ပြည်နယ်မှ ကျောက်မီးသွေးသတ္တုတွင်းကုမ္ပဏီ Sindh Engro Coal Mining Company (SECMC) သည် ရန်ပုံငွေလွှဲအပ်စာရင်း (L/Cs) နှင့် နိုင်ငံခြားငွေလွှဲများတွင် နှောင့်နှေးကြန့်ကြန့်မှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း လျှပ်စစ်ဌာနသို့ အကြောင်းကြားခဲ့သည်။

ခွင့်ပြုချက်နှောင့်နှေးမှုများကြောင့် ဆိပ်ကမ်းအတွင်းကုန်စည်များထားရှိခြင်းအတွက် နှောင့်နှေးကြေးများ၊ နစ်နာကြေးများနှင့် ဒဏ်ကြေးများ ပေးဆောင်ရခြင်းကြောင့် ဂုဏ်သိက္ခာထိခိုက်သည့်အပြင် အပိုကုန်ကျစရိတ်များကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း SECMC က ဆိုသည်။

SECMC သည် ဘဏ်များနှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်သော်လည်း ငွေကြေးပမာဏများစွာကို ဆိုင်းငံ့ထားခံရဆဲဖြစ်ကြောင်း Business Recorder က ဖော်ပြခဲ့သည်။

ပါကစ္စတန် လျှပ်စစ်ဓာတ်အားကုမ္ပဏီ Port Qasim Electric Power (Pvt.) က ၁၃၂၀ မဂ္ဂါဝပ်ထွက်ရှိသည့် စက် ၂ လုံးသည် လျှပ်စစ်ဝန်ကြီးဌာန၏ တာဝန်ဝတ္တရားများ ပျက်ကွက်မှုကြောင့် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရကို အသိပေးထားသည်။
ပါကစ္စတန်သည် လွန်ခဲ့သည့် ၅ နှစ်နီးပါးလုံးလုံး စီးပွားရေးအကျပ်အတည်းကို ဖြတ်သန်းခဲ့ရပြီး အကြွေးများကို အချိန်မီ ငွေပေးချေနိုင်ခဲ့ပုံ မပေါ်ပေ။

လျှပ်စစ်ကဏ္ဍတွင် ကြွေးမြီများ များလာခဲ့သလို တရုတ်ကုမ္ပဏီများကို အချိန်မီ ပြန်ဆပ်ရမည့် ကြွေးမြီများလည်း စုပုံလာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly