သမြားနီပင်သောက်လို့ ကင်ဆာနှင့် AIDS မပျောက်ပါ

By TK (မဇ္ဈိမ)
14 March 2023
သမြားနီပင်သောက်လို့ ကင်ဆာနှင့် AIDS မပျောက်ပါ

သမြားနီပင်အားပြုတ်သောက်ပါက လည်ချောင်းကင်ဆာ၊ သွေးကင်ဆာ စသည့်ကင်ဆာရောဂါ များအပါအဝင် AIDS ရောဂါပါပျောက်ကင်းသည့်ဆေးနည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

“Aung Lin” အမည်ရှိ ဖေ့ဘုတ်စ်အသုံးပြုသူတစ်ဦးမှ “ကင်ဆာနှင့် AIDS ပျောက်ဆေးပင်” ဟုရေးသား ကာ မြန်မာနိုင်ငံအထက်ပိုင်းတွင် ပေါများစွာပေါက်ရောက်သည့် သမြားနီပင်သည် သွေးကင်ဆာဖြစ်ခြင်း၊ ခုခံအားကျဆင်းစေသည့် HIV ပိုး၊ ဘီပိုး၊ စီပိုးပျောက်ကင်းခြင်း အစရှိသည့် အစွမ်းများရှိကြောင်း လူမှုကွန်ရက်တွင် ဖြန့်ဝေထားသည်။ ပြန်လည်မျှဝေမှု ၁၄၇ ခုရှိနေပြီ ဖြစ်သည်။ 

ထိုအကြောင်းသည် ယခုမှ ပြန့်နှံ့ခြင်းမဟုတ်ဘဲ ၂၀၁၇ ခုနှစ်ကတည်းက ပျံ့နှံ့ခဲ့ပြီး နှစ်စဉ်တိုင်းလည်း ထိုအကြောင်း ဖြန့်ဝေမှုများကိုလည်း တွေ့ရသည်။ 

သမြားနီပင်သည် ကင်ဆာရောဂါနှင့် AIDS ရောဂါ ပျောက်ကင်းသည့် အကြောင်းနှင့်ပတ်သက်၍ မဇ္ဈိမမှ အချက်အလက် စစ်ဆေးခဲ့ရာတွင် ထိုအကြောင်း တိကျသည့် သုတေသန၊ အတည်ပြုချက်များ မရှိ ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။ 

တိုင်းရင်းဆေးများဖြန့်ဖြူးရောင်းချနေသည့် တိုင်းရင်းဆေးဆရာတစ်ဦးမှ “သမြားနီပင်က သွေးအားနည်း တာကို သက်သာစေပါတယ်၊ အသဲခြောက်တာ ဒီနေရာတွေမှာ သုံးပါတယ်၊ ဒါပေမဲ့ ကင်ဆာရောဂါ၊ AIDS ရောဂါတွေပျောက်ကင်းစေတယ်ဆိုတဲ့ တိကျတဲ့ သုတေသနစာတမ်းတွေ၊ အတည်ပြုချက်တွေ မရှိသေး ပါဘူးခင်ဗျာ၊ မြန်မာနိုင်ငံက FAME လိုနေရာတွေကတောင် အတည်ပြုတာမျိုးမရှိပါဘူး”ဟု မဇ္ဈိမသို့ ပြန်လည်ဖြေကြားသည်။

အလားတူ အထွေထွေရောဂါအထူးကုဆရာဝန်တစ်ဦးမှ “တွေ့ရှိချက် သုသေတနပြုချက် မထွက်ရှိပါ အတည်မပြုနိုင်ပါ။ ဆေးမြီးတိုကြောင့် အသက်တိုနိုင်၍ တိကျတဲ့ ART ကုသမှုသာ ရယူသင့်ပါသည်” ဟု မဇ္ဈိမသို့ပြောကြားသည်။

အလားတူပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က AIDS ရောဂါဖြစ်ပွားစေသည့် HIV ပိုးအတွက် တိကျသော ကုသဆေးမရှိကြောင်း၊ ထိရောက်သော HIV ကာကွယ်ခြင်းနှင့် ကုသစောင့်ရှောက်မှုများဖြင့်ထိန်းပြီး နာတာရှည်ရောဂါအဖြစ် အသက်ရှည်ကျန်းမာစွာနေနိုင်ကြောင်း ဆိုထားသည်။ လင့် - t.ly/XH9_ 

ထို့ကြောင့် သမြားနီပင်အားပြုတ်သောက်ပါက AIDS နှင့် ကင်ဆာပျောက်ကင်းစေသည်ဆိုသည်မှာ တိကျ သေချာသည့် အတည်ပြုထားသောဆေးနည်းမဟုတ်ဘဲ သတင်းမှားတစ်ပုဒ်ဖြစ်ကြောင်း ဖော်ပြလိုက် ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly