SVB ဘဏ်ပြိုလဲမှုနှင့်အတူ Dow Jones စတော့ဈေး ၅ ရက်ဆက်တိုက်ကျပြီးနောက် အမေရိကန် ကြိုရောင်းကြိုဝယ် စတော့ဈေးများ အတက်ပြ

SVB ဘဏ်ပြိုလဲမှုနှင့်အတူ Dow Jones စတော့ဈေး ၅ ရက်ဆက်တိုက်ကျပြီးနောက် အမေရိကန် ကြိုရောင်းကြိုဝယ် စတော့ဈေးများ အတက်ပြ

အမေရိကန်ဘဏ်ကြီးတစ်ခုဖြစ်သည့် Silicon Valley Bank (SVB) ဘဏ်ပြိုလဲမှုဖြစ်ပြီး Dow Jones စက်မှုပျမ်းမျှ အညွှန်းကိန်းက ငါးရက်မြောက်အဖြစ် ဆုံးရှုံးမှု ဖြစ်ပြီးနောက် မတ်လ ၁၃ ရက် ညပိုင်းတွင် အမေရိကန် ကြိုရောင်းကြိုဝယ် စတော့ဈေးများက အတက်ဘက်ပြခဲ့သည်။ အရောင်းအဝယ် လုပ်သူများသည် မတ် ၁၄ ရက်တွင် ထွက်ရှိလာမည့် အဓိကကျသော ငွေကြေးဖောင်းပွမှု အစီရင်ခံစာတစ်ရပ်ကို ကြိုမျှော်မှန်းနေခဲ့ကြသည်။

Dow Jones စက်မှု ပျမ်းမျှ ကြိုရောင်းကြိုဝယ် စတော့များက ၇၉ ပွိုင့် သို့မဟုတ် ၀ ဒသမ ၂၅ ရာခိုင်နှုန်း အတက်ပြခဲ့သည်။ အလားတူ S&P 500 နှင့် Nasdaq 100 ကြိုရောင်းကြိုဝယ် စတော့များကလည်း ၀ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် အသီးသီး တက်ခဲ့သည်။

ဘဏ် စတော့ဈေးများမှာ တနင်္လာနေ့ (မတ် ၁၃) ရောင်းဝယ်မှုအတွင်း ကျဆင်းပြီးနောက် အနည်းငယ် ပြန်မတ်လာခဲ့သည်။ SPDR S&P Regional Banking ETF (KRE) သည် ထပ်တိုး ရောင်းဝယ်မှု အချိန်နာရီများအတွင်း နှစ်ရာခိုင်နှုန်းကျော် တက်ခဲ့သည်။ First Republic Bank ၏ ရှယ်ယာများက မတ် ၁၃ ရက်တွင် ၆၂ ရာခိုင်နှုန်းနီးပါး ကျခဲ့ပြီးနောက် တိုးချဲ့ရောင်းဝယ်မှုအချိန်နာရီများအတွင်း ၁၄ ရာခိုင်နှုန်း ပြန်တက်ခဲ့သည်။ KeyCorp ရှယ်ယာများသည် ပုံမှန်ရောင်းဝယ်မှုတွင် ၂၇ ရာခိုင်နှုန်း ကျခဲ့ပြီးနောက် ၁၂ ရာခိုင်နှုန်းခန့် ပြန်တက်ခဲ့သည်။

ဆော့ဝဲ ကုမ္ပဏီဖြစ်သည့် GitLab ၏ ရှယ်ယာများသည် ထပ်တိုး ရောင်းဝယ်မှုအချိန်နာရီအတွင်း ၃၂ ရာခိုင်နှုန်း ကျခဲ့သည်။ ထိုမတိုင်မီက အဆိုပါ open source ဆော့ဝဲကုမ္ပဏီက မျှော်မှန်းသည်ထက် ပိုအားနည်းသည့် ပထမသုံးလပတ်နှင့် နှစ်ပြည့် ဝင်ငွေလမ်းညွှန်ချက်ကို ထုတ်ပြန်ထားခဲ့သည်။

ပြိုလဲမှုဖြစ်သည့် Silicon Valley Bank ၌ ငွေအပ်နှံထားသူများကို ထောက်ကူအားပေးမည့် အစီအစဉ်တစ်ရပ်က ဘဏ်စတော့များကို တက်စေခြင်း မရှိခဲ့သည့်နောက် မတ်လ ၁၃ ရက်တွင် Dow Jones စက်မှုပျမ်းမျှ အညွှန်းကိန်းက ကျခဲ့ခြင်းဖြစ်သည်။ အလားတူ S&P 500 အညွှန်းကိန်းလည်း ကျခဲ့သည်။ Dow က ၉၀ ဒသမ ၅၀ ပွိုင့် သို့မဟုတ် ၀ ဒသမ ၂၈ ရာခိုင်နှုန်း ဆုံးရှုံးခဲ့သလို S&P 500 အညွှန်းကိန်းကလည်း ၀ ဒသမ ၁၅ ရာခိုင်နှုန်း ဆုံးရှုံးမှုဖြစ်ခဲ့သည်။

အခြားတစ်ဖက်တွင် Nasdaq Composite စတော့ဈေးကွက် အညွှန်းကိန်းက အထက်ပါ လားရာနှင့် ဆန့်ကျင်နေခဲ့ပြီး ၀ ဒသမ ၄၅ ရာခိုင်နှုန်း အတက်ပြခဲ့သည်။ ယခု Silicon Valley Bank ဘဏ်ပြိုလဲမှုကြောင့် ရှေ့ကာလတွင် ဗဟိုဘဏ်မှ အတိုးနှုန်း မြှင့်တင်မှုများ ရပ်တန့်သွားနိုင်သည် ဆိုပြီး ရင်းနှီးမြှုပ်နှံသူတချို့က ပြောသည်။

“ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကျွန်တော်တို့တွေ မြင်ခဲ့ရတာတွေကတော့ တင်းကျပ်မှုတွေလုပ်တာရဲ့ သက်ရောက်မှုအရ အနုတ်လက္ခဏာပြ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်တယ် ဆိုတာနဲ့ပတ်သက်လို့ သတိပေးချက်တစ်ခုပဲ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းကုမ္ပဏီ Evercore ISI ၏ ဂျူလီယန် အီမန်နျူရယ်က မတ်လ ၁၃ ရက်တွင် CNBC ၏ “Fast Money” အစီအစဉ်ကို ပြောသည်။

“ကျွန်တော်တို့ဟာ စီးပွားရေး ကျဆင်းမှုတစ်ခု ရှိလာပါတော့မယ်။ အဲဒါက မပြင်းထန်လောက်ဘူးလို့ ကျွန်တော်တို့ ထင်မိတယ်။ ဒါကြောင့် ကျွန်တော်တို့ တွေးနေတာကတော့ ခင်ဗျားတို့ဟာ အဲဒီ အောက်တိုဘာ ကျဆင်းမှုတွေရဲ့ တစ်ဖန် စမ်းသပ်မှုကို ခံရပါလိမ့်မယ်ဆိုတာပဲဖြစ်တယ်။ ဒါပေမယ့် နောက်ဆုံးကျရင်တော့ ကျွန်တော်တို့ ခုချိန်မှာ နှစ်နှစ်နီးပါး စောင့်နေခဲ့ကြတဲ့ အဲဒီ အဝယ်အခွင့်အလမ်းကို ရပါလိမ့်မယ်။ အဲဒါက နောက်ထပ် ဝယ်လိုအားများတဲ့ ဈေးကွက်အဆင့်ကို စတင်ပါလိမ့်မယ်” ဟု အီမန်နျူရယ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required