ရုရှားက သန့်စင်ပြီးသားယူရေနီယမ်များကို တရုတ်ကို ထောက်ပံ့နေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

By ANEWS
14 March 2023
ရုရှားက သန့်စင်ပြီးသားယူရေနီယမ်များကို တရုတ်ကို ထောက်ပံ့နေကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ရုရှားအစိုးရပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom သည် ဓာတ်ပေါင်းဖိုများတွင် အသုံးပြုရန် အထူး သန့်စင်ထားသော ယူရေနီယမ်များကို တရုတ်နိုင်ငံသို့ ထောက်ပံ့နေကြောင်း အမေရိကန်ကာကွယ်ရေးဌာနက မတ်လ ၈ ရက်တွင် ပြောကြားသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မဟာဗျူဟာတပ်ဖွဲ့များဆိုင်ရာ အောက်လွှတ်တော် လက်နက်ကိုင်ဝန်ဆောင်မှုများ ဆပ်ကော်မတီ၌ အမေရိကန်အရာရှိ တစ်ဦးက ယူရေနီယံများပို့ဆောင်သည့်အကြောင်း အကျဉ်းချုံး တင်ပြပြီးနောက် ရုရှားနှင့် တရုတ်နိုင်ငံတို့ ထိုကိစ္စရပ်တွင် ပူးပေါင်းဆောင်ရွက်နေခြင်းကို မြင်တွေ့ရခြင်းမှာ အလွန်စိတ်အနှောင့်အယှက်ဖြစ်မိကြောင်း အာကာသမူဝါဒဆိုင်ရာ အမေရိကန်လက်ထောက်ကာကွယ်ရေးဝန်ကြီး ဂျွန်ပလမ့်က ပြောကြားခဲ့သည်။

“ရုရှားနဲ့တရုတ်တို့ဟာ ယူရေနီယမ်နဲ့ပတ်သက်တာတွေ ဆွေးနွေးနေနိုင်ပါတယ်။  ဓာတ်ပေါင်းဖိုတွေဟာ  ပလူတိုနီယမ်တွေကို ထုတ်လုပ်ပြီး အဲ့ဒါတွေက လက်နက်ထုတ်ဖို့အတွက် ဖြစ်တယ်။ ဒါကြောင့် အမေရိကန် ကာကွယ်ရေးဌာနက စိုးရိမ်နေတယ်လို့ ကျွန်တော်ထင်တယ်။ နောက်ပြီး လက်နက်ထုတ်လုပ်ဖို့ ပလူတိုနီယမ်ပို လိုအပ်တာကြောင့် တရုတ်ဟာ နျူကလီးယားတပ်ဖွဲ့ တိုးချဲ့နေတယ်ဆိုတဲ့ သံသယနဲ့လည်း ကိုက်ညီနေပါတယ်” ဟု ပလမ့်က ပြောကြားခဲ့သည်။

ယူကရိန်းအားကျူးကျော်ပြီးနောက် ရုရှားသည် အနောက်နိုင်ငံများ၏ ဖယ်ကြဉ်မှုကို ခံလာရပြီး တရုတ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်နေကာ လက်နက်အထောက်အပံ့ရရန် ကြိုးစားနေသည်။

ရုရှားထိပ်တန်းသံတမန် ဆာဂေးလက်ဗ်ရော့က ရုရှားသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဘက်ပေါင်းစုံ ချဲ့ထွင်ရန် ရည်ရွယ်ထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အိန္ဒိယနိုင်ငံ၌ကျင်းပသော ဂျီ-၂၀ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အတည်ပြုခဲ့သည်။
တရုတ်သည် ယနေ့အချိန်ထိ ရှရှား၏ ကျူးကျော်မှုကို ရှုတ်ချခြင်းမပြုသလို အမေရိကန်ကလည်း ရုရှားသို့ လက်နက်များ ထောက်ပံ့ပေးခြင်းမပြုရန် တရုတ်ကို သတိပေးထားသည်။

တရုတ်နိုင်ငံသည် နျူကလီးယားတပ်ဖွဲ့များကို အရှိန်အဟုန်ဖြင့် သိသိသာသာ တိုးချဲ့လျက်ရှိသည်။ တရုတ်နှင့် ရှရှား နှစ်နိုင်ငံလုံးသည် အမေရိကန်နှင့် မိတ်ဖက်နိုင်ငံများကို တန်ပြန်ရန် နျူကလီးယားလက်နက်များ၊ အာကာသစစ်ပွဲနှင့် တာဝေးပစ်တိုက်ခိုက်မှုများအပေါ် အာရုံစိုက်နေကြောင်း ဂျွန်ပလမ့်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly