တရုတ်က ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းရေးအတွက် ဖိအားပေးလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အစီရင်ခံစာတွင်  ဖော်ပြ

By ANI  
13 March 2023
တရုတ်က ထိုင်ဝမ်ကို ပြန်လည်ပေါင်းစည်းရေးအတွက် ဖိအားပေးလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အစီရင်ခံစာတွင်  ဖော်ပြ

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ထိုင်ဝမ်အား ပြန်လည်ပေါင်းစည်းရေးအတွက် ဖိအားပေးရန်၊ အမေရိကန်၏ သြဇာလွှမ်းမိုးမှု လျှော့ချရန်၊ အမေရိကန်နှင့် မဟာမိတ်များအကြား သပ်လျှိုရန်နှင့် တရုတ်အာဏာရှင်စနစ်ကို မျက်နှာသာပေးသည့် စံနှုန်းအချို့ခိုင်မာအားကောင်းရန် ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်၏ ခြိမ်းခြောက်မှုအကဲဖြတ်ချက် နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်က ထိုင်ဝမ်၏ အချုပ်အခြာကို ပိုင်ဆိုင်ကြောင်းနှင့် ဒေသတွင်း ကုန်းမြေ၊ ရေကြောင်းနှင့် လေ ကြောင်းဆိုင်ရာ တောင်းဆိုမှုများ အပါအဝင် ၎င်း၏ လွှမ်းမိုးမှုကို အညံ့ခံလာကြစေရေး အိမ်နီးချင်းနိုင်ငံများကို အင်အားပြရန်နှင့် အကျပ်ကိုင်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့်အစိုးရယန္တရားတစ်ခုလုံး၏ကိရိယာများကို အသုံးပြုနေသည်ဟု အစီရင်ခံစာက ဆိုသည်။

တရုတ်အစိုးရသည် ၂၀၂၃ ခုနှစ်တွင် ဖိအားပေးမှုများဆက်လုပ်ပြီး ပေါင်းစည်းရေးအတွက် ထိုင်ဝမ်အား မက်လုံးများပေးကာ အမေရိကန်နှင့်ထိုင်ဝမ် ထိတွေ့ဆက်ဆံမှု တိုးလာခြင်းကို  တုံ့ပြန်သွားလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။

ထိုင်ဝမ်သည် အဆင့်မြင့် ချစ်ပ်ပြားများကို အဓိကထုတ်လုပ်သူဖြစ်သောကြောင့် တရုတ်က ရည်မှန်းချက်အတိုင်း ထိုင်ဝမ်အပေါ် သိမ်းပိုက်ခဲ့ပါက တစ်ပိုင်းလျှပ်ကူးပစ္စည်းများအား ကမ္ဘာ့နိုင်ငံများသို့ ဖြန့်ဖြူးရေးလုပ်ငန်းစဉ်အပေါ် အနှောင့်အယှက်ဖြစ်စေခြင်းအပါအဝင် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။

ထို့ပြင် တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ပြိုင်ဘက်နိုင်ငံများ၏ တောင်းဆိုမှုများကို ခြိမ်းခြောက်ရန်နှင့် အငြင်းပွားနေသော နေရာများကို တရုတ်က ထိရောက်စွာ ထိန်းချုပ်ထားနိုင်ပုံကို အချက်ပြရေး ကြိုးပမ်းရန် အင်အားကြီးထွားလာနေသော ယင်း၏ လေတပ်၊ ရေတပ်၊ ကမ်းခြေစောင့်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ အများအပြားကို ဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။ 
အလားတူ တရုတ်သည် အရှေ့တရုတ်ပင်လယ်ရှိ အငြင်းပွားနေသောနေရာများနှင့်ပတ်သက်ပြီး ဂျပန်ကိုလည်း ဖိအားပေးနေသည်။

တရုတ်သည် ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးခေါင်းဆောင်အဖြစ် ရှုမြင်ခံရစေရန် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) နှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ စီမံကိန်းများအပါအဝင် များစွာသော စီမံကိန်းများမှတစ်ဆင့် ပြည်ပတွင် ၎င်း၏ ဩဇာအာဏာနှင့် ကြိုးပမ်းအားထုတ်မှုများကို ချဲ့ထွင်သွားပေလိမ့်မည်။

အနာဂတ် ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော်အကျပ်အတည်းတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုကို ဟန့် တားရေးအတွက် တရုတ်သည် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို ကျုးကျော်ရန် အသင့်အနေထားဖြစ်ရေးဟူသော ရည်မှန်းချက်ကို ပြည့်မီအောင် လုပ်ဆောင်နေသည်။

တရုတ်၏ လက်ရှိစွမ်းဆောင်ရည်များ မလုံလောက်ကြောင်း ခေါင်းဆောင်များက ယူဆထားခြင်းကြောင့် အမေရိကန်နှင့် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုအတွက် တရုတ်သည် ၎င်း၏ နျူကလီးယားစွမ်းရည်ကို ပြန်လည် သုံးသပ်ချိန်ညှိနေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly