ဝီဂါများအပေါ် အဓမ္မစေခိုင်းမှုစနစ်ကို ဖျက်သိမ်းရန် ကုလကော်မတီက တရုတ်ကို တိုက်တွန်း 

By Reuters
13 March 2023
ဝီဂါများအပေါ် အဓမ္မစေခိုင်းမှုစနစ်ကို ဖျက်သိမ်းရန် ကုလကော်မတီက တရုတ်ကို တိုက်တွန်း 

ဝီဂါများအား အဓမ္မလုပ်အားပေးခိုင်းစေမှု အပါအဝင် လူနည်းစု မွတ်စလင်များအပေါ် တရုတ်နိုင်ငံ၏ ပြုမူဆက်ဆံပုံကို စိုးရိမ်ကြောင်း ကုလသမဂ္ဂကော်မတီက မတ်လ ၆ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားပြီး လူ့အခွင့်အရေးမှတ်တမ်းကို တိုးတက်အောင်လုပ်ရန် တရုတ်အား ဖိအားပေးလိုက်သည်။

လူ့အခွင့်အရေးအဖွဲ့များသည် တရုတ်၏ ကိုဗစ်-၁၉ မူဝါဒများ၊ လူနည်းစုမွတ်စလင်များ အပါအဝင် လူ့အခွင့်အရေးကာကွယ်သူများအပေါ် တရုတ်၏ ဆက်ဆံပုံနှင့် အကြောင်းအရာများစွာကို ပြီးခဲ့သောလက ကျင်းပသည့် ဂျီနီဗာကြားနာပွဲများအပြီးတွင် ကုလသမဂ္ဂမှ ခန့်အပ်ထားသော လွတ်လပ်သည့် ကျွမ်းကျင်သူများအဖွဲ့က အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံ အနောက်ဘက်စွန်းရှိ ရှင်ကျန်းဒေသတွင် ၁၀ သန်းခန့်ရှိသော မွတ်စလင်လူနည်းစုဖြစ်သည့် ဝီဂါများအပေါ် တရုတ်အစိုးရ၏ ပြုမူဆက်ဆံပုံသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်က အဆိုပါစွပ်စွဲချက်များကို ပြတ်ပြတ်သားသား  ငြင်းဆိုထားသည်။
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာပဋိညာဉ်အောက်အရ နိုင်ငံများ၏ လိုက်နာမှုကို စောင့်ကြည့်သည့် ကျွမ်းကျင်ပညာရှင် ၁၈ ဦးပါ ကုလသမဂ္ဂကော်မတီက ဝီဂါများနှင့် တိုင်းရင်းသားလူနည်းစုများအပေါ် အကျပ်ကိုင်သော စီမံချက်များနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။  

အကျပ်ကိုင်ဆောင်ရွက်မှုများကို တားမြစ်သည့် ဥပဒေတစ်ရပ်ကို ချက်ချင်းအတည်ပြုရန်၊ အဓမ္မလုပ်အားပေးခိုင်းစေမှု စနစ်အားလုံးကို ဖျက်သိမ်းရန်နှင့် ယင်းလုပ်ရပ်များကို ခံစားနေရသူအားလုံးကို လွှတ်ပေးရန် ကော်မတီက တရုတ်ကို တောင်းဆိုခဲ့သည်။ 

တရုတ်ကလည်း အကြံပြုချက်များကို စနစ်တကျ လေ့လာ၍  တရုတ်၏ နိုင်ငံရေးအရ လက်တွေ့ကျမှုများနှင့် ကိုက်ညီသော မည်သည့် မူဝါဒကိုမဆို အကောင်အထည်ဖော်ရန် လမ်းဖွင့်ထားကြောင်း စာမျက်နှာ ၁၁ မျက်နှာပါ အစီရင်ခံစာကို ပြန်လည်တင်သွင်းခဲ့သည်။ သို့သော် တရုတ်က ရှင်ကျန်းဆိုင်ရာ အကြံပြုချက်များကို ပယ်ချပြီး မှန်ကန်ခြင်းမရှိဟု တုံ့ပြန်ခဲ့သည်။

ရှင်ကျန်းဒေသတွင် အလုပ်လုပ်နေကြသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့်  ရှေ့နေများအား အကွက်ချ၍ လက်တုံ့ပြန်ခြင်းနှင့် တရားစွဲဆိုမှုများကို အဆုံးသတ်ရန်လည်း ကော်မတီက တောင်းဆိုထားသည်။ တရုတ်နိုင်ငံတွင် ယမန်နှစ်နှောင်းပိုင်းက အဆုံးသတ်ခဲ့သော တင်းကျပ်သည့် ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒအောက်တွင် ကာလကြာရှည်စွာ ပိတ်ဆို့ထားမှုများကြောင့် စိတ်ကျန်းမာရေးပြဿနာများ ကြီးထွားလာခြင်းနှင့် ပတ်သက်၍လည်း ကော်မတီက စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီး  ရှင်ကျန်းဒေသအတွက် ရန်ပုံငွေပိုမိုသုံးစွဲရန် တောင်းဆိုခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly