တီးတိန်မြို့ ဆေးရုံတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

By ပါခွီး (မဇ္စျိမ)
13 March 2023
တီးတိန်မြို့ ဆေးရုံတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့ ဆေးရုံကြီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို မတ်လ ၁၂ ရက်နေ့ ညသန်းခေါင်းယံအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံး သွားကြောင်း PDF – Zoland တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြု ပြောသည်။

“စနိုက်ပါနဲ့ပစ်တာ သုံးယောက်သေတယ်၊ တခြားအဖွဲ့ကပစ်တာ တစ်ယောက်၊ လေးယောက် သေတာ ဖြစ်ပါတယ်” ဟု PDF – Zoland Coordination Committee မှ Thony က မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ပိုင်းတွင် မဇ္စျိမသို့ ပြောသည်။

ယင်းသို့တိုက်ခိုက်ခဲ့ရာတွင် တပ်ကုန်းဘက်မှ စစ်ကောင်စီတပ်သားများမှ လက်နက်ကြီးဖြင့်ရမ်းသန်း ပစ် ခတ်သောကြောင့် ပြည်သူတစ်ဉီး လက်နက်ကြီးကျည် ထိမှန်ပြီး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

အဆိုပါနှစ်ဘက်တိုက်ပွဲသည် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးပိတ်ထွက်ပြေးသွား ကြသဖြင့် ကျည်ဆံများ ၊ စစ်အသုံးအဆောင်များ နှင့် လက်ကိုင်ဖုန်းများ သိမ်းဆည်းရမိခဲ့ကြောင်း PDF – Zoland က ပြောသည်။ 

အင်အား ၁၀ ဦးခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် တီးတိန်ဆေးရုံတွင် လွန်ခဲ့သည့် လေးလခန့်က စတင် တပ်စွဲထားခြင်းဖြစ်သည်။ ဖြတ်သန်းသွားလာသော ကားသမားများထံမှ အတင်း အဓ္ဓမ ငွေတောင်းခံခြင်း၊ ဆေးရုံတက်လူနာများထံမှ မိုဘိုင်းဖုန်းခိုးယူခြင်းများရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ယခုတိုက်ပွဲတွင် PDF – Zoland တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်းနှင့် ၎င်းတို့ရည်မှန်းသည့် ပန်းတိုင် ရောက်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း PDF – Zoland တပ်ဖွဲ့က ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly