ဝက်လက်မြို့နယ်တွင် နေအိမ်မီးရှို့နေသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
13 March 2023
ဝက်လက်မြို့နယ်တွင် နေအိမ်မီးရှို့နေသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း နေအိမ်များကိုမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို ဒရုန်းဖြင့်ဗုံးသီးချပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Black Wolf – Army တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာအနီးတွင် တပ်စွဲထားသော အင်အား ၅၀ ခန့်ပါဝင်သော စစ်ကောင်စီ တပ်နှင့် ပျူစောထီးများက နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးနေစဉ် မတ်လ ၁၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲ ခန့်က တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

“အဲဒီရွာမှာ ဒေသခံတွေက ရှောင်နေရပြီမို့ မရှိတော့ဘူး။ စကစနဲ့ပျူက အင်အား ၅၀ လောက်ရှိတာကို တိုက်ခဲ့တာပါ” ဟု Black Wolf – Army ပြန်ကြားရေးတာဝန်ခံ ကိုခွန်လေးက ဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ထိခိုက်မှုရှိနိုင်သော်လည်း အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ထို့ပြင် ယင်းနေ့ ည ၇ နာရီ ၁၀မိနစ်အချိန်တွင်လည်း စစ်ကောင်စီတပ်သားများက နေအိမ်များအား ဖျက်ဆီးနေကြောင်း သတင်းရရှိ၍ လက်နက်ကြီးဖြင့် ၁၂ ချက်ခန့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆို သည်။

ယင်းနောက် စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သော် လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း Black Wolf – Army က ဆိုသည်။

ဟန်လင်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဝက်လက်နှင့် ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ဒေသခံများကို ဖမ်းဆီးခြင်းနှင့် အရပ်သား လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများပြုလုပ် နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly