ကလေးများကို ပညာသင်ယူခွင့်မပြုသည့် ပါကစ္စတန်နိုင်ငံသားများကို ယူအေအီးက ဗီဇာသက်တမ်း မတိုးပေး 

By The Print
13 March 2023
ကလေးများကို ပညာသင်ယူခွင့်မပြုသည့် ပါကစ္စတန်နိုင်ငံသားများကို ယူအေအီးက ဗီဇာသက်တမ်း မတိုးပေး 

အာရပ်စော်ဘွားများပြည်ထောင်စုအစိုးရသည် သားသမီးများကို ပညာသင်ကြားခွင့် မပေးသည့် ပါကစ္စတန်နိုင်ငံသား မိဘများကို ဗီဇာသက်တမ်းတိုးမပေးရန် ဆုံးဖြတ်ထားကြောင်း Geo News သတင်းတွင် ဖော်ပြထားသည်။

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိ ယူအေအီး ကောင်စစ်ဝန်ချုပ် ဘာခိအက်တိခ် အယ်လ်ရေမီအီသီက ကလေးများအတွက် ပညာရေး၏အရေးပါပုံအကြောင်း ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ 
“ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေကို ချိုးဖောက်တဲ့ မိဘတွေကို အရေးယူဖို့ ယူအေအီးအစိုးရက ဆုံးဖြတ်ထားပါတယ်။

ကလေးသူငယ်အခွင့်အရေးဥပဒေဟာ အလုပ်လုပ်ခွင့်ဗီဇာ ဒါမှမဟုတ် နေထိုင်ခွင့်ဗီဇာ ရရှိထားတဲ့ ပါကစ္စတန်နိုင်ငံသားတွေအတွက် ဖြစ်ပါတယ်” ဟု ယူအေအီး အထူးသံတမန်က ပြောကြားခဲ့သည်။

အဆိုပါဥပဒေအား ချိုးဖောက်သူများကို ယူအေအီးမှ ပြည်နှင်ဒဏ်ပေးနိုင်ကြောင်းနှင့် အနာဂတ်တွင် ကလေးသူငယ်အခွင့်အရေးဥပဒေကို အပြည့်အဝ လိုက်နာရန် အာမခံသည့် ပါကစ္စတန်နိုင်ငံသားများကို ပြည်ဝင်ခွင့်ဗီဇာများ ပေးအပ်သွားမည်ဖြစ်ကြောင်း ယူအေအီး ကောင်စစ်ဝန်ချုပ်က ထပ်မံပြောကြားခဲ့သည်။

ကလေးသူငယ်အခွင့်အရေးဥပဒေကို လူအများလိုက်နာစေရန် ယူအေအီးအနေဖြင့် တင်းကျပ်သော အစီအမံများချမှတ်ရန် ဆုံးဖြတ်ထားကြောင်း အင်တာဗျူးတွင် ဘာခိအက်တိခ် အယ်လ်ရေမီအီသီက Geo News သို့ ပြောကြားခဲ့သည်။
ကလေးသူငယ်အခွင့်အရေးဥပဒေအရ ယူအေအီးတွင် အလုပ်လုပ်ကိုင်ခွင့်ဗီဇာရရှိထားသည့် ပါကစ္စတန်နိုင်ငံသား အများအပြားသည် ယင်းဥပဒေများကို ချိုးဖောက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ကလေးသူငယ်အခွင့်အရေးဥပဒေသည် ကလေးများအား ပညာသင်ယူခွင့်ပေးရန် သတ်မှတ်ပေးထားပြီး ပါကစ္စတန်နိုင်ငံသား အများအပြားက ၎င်းတို့၏ သားသမီးများကို အိမ်တွင်သာ နေစေသည့်အတွက်  ကလေးများ၏ အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း အယ်လ်ရေမီအီသီက ထောက်ပြခဲ့သည်။

“အရင်က အရေးကြီးတဲ့ အစည်းအဝေးတစ်ခုမှာ အစိုးရက ဒီကိစ္စနဲ့ ပတ်သက်လို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ပါတယ်၊ ယူအေအီးမှာ နေထိုင်တဲ့ မိသားစုတွေနဲ့ ကလေးများတွေရဲ့ အခွင့်အရေးဆိုင်ရာ စည်းမျဉ်းတွေကို တိတိကျကျ လိုက်နာရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယူအေအီးရှိ ပြည်ပရောက်ပါကစ္စတန်မိဘများအနေဖြင့် ကျန်းမာရေးနှင့် လွတ်လပ်ခွင့်များအပါအဝင် မိမိတို့ ကလေးများ ပညာသင်ယူခွင့်ရရေး ဆောင်ရွက်ရန်နှင့် အခွင့်အရေးများကို အကာအကွယ်ပေးရန်လည်း အယ်လ်ရေမီအီသီက တိုက်တွန်းခဲ့သည်။
ယူအေအီးတွင် ပါကစ္စတန်နိုင်ငံသား ၁၆ သန်းမှ ၁၇ သန်းအထိ နေထိုင်လျက်ရှိသည်။

 
အဆိုပါဥပဒေသည် အလည်အပတ်ဗီဇာ လျှောက်ထားသည့် ပါကစ္စတန်နိုင်ငံသားများအတွက်မူ အကျုံးမဝင်ကြောင်း အယ်လ်ရေမီအီသီက Geo News သို့ ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly