စစ်အေးခေတ်သစ် ကနဦးအဆင့်ရောက်နေသည့် တရုတ်နှင့် အမေရိကန်က  ငြိမ်းချမ်းရေး သို့မဟုတ် အရှိန်မြှင့်မှုကို ရွေးချယ်ရမည်ဟု လေ့လာသုံးသပ်သူများ ပြောကြား

By CNA  
13 March 2023
စစ်အေးခေတ်သစ် ကနဦးအဆင့်ရောက်နေသည့် တရုတ်နှင့် အမေရိကန်က  ငြိမ်းချမ်းရေး သို့မဟုတ် အရှိန်မြှင့်မှုကို ရွေးချယ်ရမည်ဟု လေ့လာသုံးသပ်သူများ ပြောကြား

တရုတ်နှင့်အမေရိကန်သည် စစ်အေးတိုက်ပွဲသစ်၏ အစောဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ထိပ်တိုက် တွေ့သည်အထိ ထပ်မံအရှိန်မြှင့်သွားမည်လား သို့မဟုတ် အားလုံးအတွက် ငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ် မည်လားဆိုသည်ကို ဆုံးဖြတ်ချက်ချရမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက မတ်လ ၇ ရက်တွင် ပြောကြားလိုက်သည်။ 

တရုတ်နိုင်ငံ ဆူးချိုးတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးနှင့် တရုတ်နှင့်ကမ္ဘာ့ရေးရာဗဟိုဌာန၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဗစ်တာကောင်းက မြဲမြံ၊ တည်ငြိမ်ပြီး အပြုသဘောဆောင်သောဆက်ဆံရေးကို အင်အားကြီးနိုင်ငံ နှစ်နိုင်ငံက ထိန်းသိမ်းထားနိုင်ရေးသည် လုံးဝလိုအပ်သည်ဟု CNA သို့ ပြောကြားခဲ့သည်။

ကျင်ဂန်းသည် ပေကျင်းမြို့၌ နှစ်စဉ်ကျင်းပသည့် ပါလီမန်အစည်းအဝေးအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး အသစ်အဖြစ် ပထမဆုံးသတင်းစာရှင်းလင်းပွဲကို  မတ်လ ၇ ရက် ပြုလုပ်ခဲ့သည်။
အမေရိကန်နိုင်ငံဆိုင်ရာသံအမတ်ကြီးဟောင်းသည် ဒီဇင်ဘာလကုန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုင်ဝမ်အရေးသည် အခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ခွင့်မရှိသည့် ကိစ္စဖြစ်ပြီး အမေရိကန်က တရားမျှတပြီး စည်းမျဉ်းအခြေခံသည့် ယှဉ်ပြိုင်မှုထက် ဖိနှိပ်ထိန်းချုပ်ရန်ကြိုးပမ်းနေကြောင်း ကျင်ဂန်းက ပြောကြားခဲ့သည်။
“တကယ်တော့ ကျွန်တော်တို့က စစ်အေးတိုက်ပွဲအသစ်ရဲ့ အစောပိုင်းအဆင့်ကို ရောက်နေပြီလို့ ထင်ပါတယ်။ ဒါကို တရုတ်က လုံးဝငြင်းမှာမဟုတ်ပါဘူး” ဟု စင်္ကာပူတက္ကသိုလ် အရှေ့အာရှအဖွဲ့အစည်းမှ မူဝါဒသုတေသန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာချန်ဂန်က ပြောကြားခဲ့သည်။

အရှေ့အာရှအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်က အမေရိကန်နှင့် အခြားအနောက်နိုင်ငံများ၏ ဖိအားများကို အမှန်တကယ်ခံစားရကြောင်းနှင့် ရင်ဆိုင်နေရသည့် အလွန်ခက်ခဲသော နိုင်ငံတကာအခြေအနေကိုလည်း တရုတ်က သတိထားမိကြောင်း ဒေါက်တာချန်က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ စကားများသည် ကမ္ဘာ့အလှည့်အပြောင်းကို မီးမောင်းထိုးပြနေသည်ဟု ဒေါက်တာကောင်းက ပြောကြားသည်။ 

ကမ္ဘာ့နိုင်ငံများသည် အားလုံးအတွက် ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေးလမ်းကြောင်းသို့ လျှောက်လှမ်းသွားနိုင်သလို လက်ရှိအနေအထားမှ သမားရိုးကျစစ်ပွဲဆင်နွှဲရန် ပြိုင်ဆိုင်မှုကို အရှိန်မြှင့်သွားနိုင်ကြောင်း ဒေါက်တာဗစ်တာကောင်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly