တရုတ်သင်္ဘောများက ထိုင်ဝမ်အစွန်အဖျားရှိ ကျွန်းများကို  ရည်ရွယ်ချက်ရှိရှိ အင်တာနက်ဖြတ်တောက်

By India Today
13 March 2023
တရုတ်သင်္ဘောများက ထိုင်ဝမ်အစွန်အဖျားရှိ ကျွန်းများကို  ရည်ရွယ်ချက်ရှိရှိ အင်တာနက်ဖြတ်တောက်

ထိုင်ဝမ် အစွန်အဖျားကျွန်းများရှိ နေထိုင်သူ ထောင်ပေါင်းများစွာအား ပြင်ပကမ္ဘာနှင့် ဆက်သွယ်ပေးထားသော အင်တာနက်ကေဘယ်လ်ကြိုးများကို တရုတ်သင်္ဘောများက ဖြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံများမှာ လွန်ခဲ့သည့်လမှစကာ အင်တာနက်လိုင်း မရတော့ပေ။

တရုတ်နှင့် ထိုင်ဝမ်ကြား ရန်လိုမှုများသည် ပြီးခဲ့သောနှစ်တွင် မြင့်တက်လာခဲ့ပြီး  တရုတ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းနှင့် ထိုင်ဝမ်ပိုင်နက်အနီးတွင် တိုက်လေယာဉ်များ ပျံသန်းခြင်း များပြုလုပ်ခဲ့ကာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လာည်။

ယခုအခါ တရုတ်သင်္ဘောများသည် ထိုင်ဝမ် အစွန်အဖျားရှိ ကျွန်းများအား ပြင်ပကမ္ဘာနှင့် ဆက်သွယ်ပေးသည့် အင်တာနက်ကေဘယ်လ်များကို ဖြတ်တောက်လိုက်ကြောင်း ထိုင်ဝမ်က စွပ်စွဲလာသည်။
ထိုင်ဝမ်၏ အစွန်အဖျားကျွန်းများထဲမှ တစ်ခုဖြစ်သည့် မတ်စုကျွန်းတွင်နေထိုင်သူ ၁၄ ၀၀၀ သည် ပင်မကျွန်းနှင့်ဆက်သွယ်သွားသော ပင်လယ်ရေအောက်ရှိ အင်တာနက်ကေဘယ်လ်ကြိုး ၂ လိုင်းကို အားကိုးအားထားပြုနေရသည်။

ပထမ ကေဘယ်လ်ကြိုးကို တရုတ်ငါးဖမ်းသင်္ဘော ၁ စင်းက ပင်လယ်ပြင်မှ ကီလိုမီတာ ၅၀ အကွာ၌ ဖေဖော်ဝါရီ ၂ ရက်တွင် ဖြတ်တောက်ခဲ့ကြောင်း AP သတင်းက ဖော်ပြသည်။
ထို့နောက် ဒုတိယကြိုးကို ၆ ရက်အကြာ ဖေဖော်ဝါရီ ၈ ရက်တွင် တရုတ်ကုန်တင်သင်္ဘော ၁ စင်းက ဖြတ်တောက်ခဲ့ကြောင်း ထိုင်ဝမ်၏ အကြီးဆုံး အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ Chunghwa Telecom ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။

ကေဘယ်လ်ကြိုးများဖြတ်တောက်ခံရပြီးနောက် ကျွန်းတွင် နေထိုင်သူများအား အရန်အင်တာနက်အဖြစ် မိုက်ခရိုဝေ့ဖ်ရေဒီယိုမှတစ်ဆင့် အင်တာနက်ကို အကန့်အသတ်ဖြင့် ပေးခဲ့သည်။ 
ကျွန်းနေထိုင်သူများသည် တစ်ခါတစ်ရံတွင် စာတိုပေးပို့ရန် နာရီပေါင်းများစွာ စောင့်ဆိုင်းရပြီး ဖုန်းလိုင်းလည်း ကျကာ ဗီဒီယိုများကိုလည်း ကောင်းကောင်းကြည့်ရှု၍မရပေ။

အသက်အိုးအိမ်စည်းစိမ်ကို အနှောင့်အယှက်ပေးသည့်အပြင် အင်တာနက်ကေဘယ်လ်များကို ဖြတ်တောက်ခြင်းက နိုင်ငံတော်လုံခြုံရေးအတွက် ကြီးမားသော ဂယက်ရိုက်မှုများကို ဖြစ်စေသည်။  
တရုတ်၏အဆိုပါလုပ်ဆောင်ချက်သည် ထိုင်ဝမ်အား ပစ်မှတ်ထားနှောင့်ယှက်ခြင်း သို့မဟုတ် ထိုင်ဝမ်ကျွန်း တစ်ခုလုံးကို အဆက်အသွယ်ဖြတ်တောက်ရန် ပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု American Enterprise Institute မှ သုတေသီ အဲလိဇဘက်ရှောက ပြီးခဲ့သည့်လက Foreign Policy တွင် ရေးသားခဲ့သည်။

ကေဘယ်လ်ကြိုးဖြတ်တောက်ခံရမှုသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း ၂၇ ကြိမ် ရှိခဲ့ကြောင်း Chunghwa Telecom က ပြောကြားခဲ့သည်။
ထိုင်ဝမ်အစိုးရအနေဖြင့် ကေဘယ်လ်ကြိုးပြုပြင်ရန် ထိုင်ဝမ်ဒေါ်လာ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၁ သန်း) ကုန်ကျမည်ဟု ကနဦးခန့်မှန်းထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly