ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

By ကိုဇာနည် (မဇ္ဈိမ)
12 March 2023
ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း  တိုက်ပွဲများဖြစ်ပွားနေသည် မှာ သုံးပတ်ခန့်ရှိပြီဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပအိုဝ်းတိုင်းရင်းသားစစ်ရှောင်များ ခှိုလှုံနေသော နမ်းနှိန်းကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ် ၅၀ လုံးထက်မနည်းကို စစ်ကောင်စီတပ်မှ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့မှုနှင့်ပတ်သက်ပြီး “ယခုလုပ်ရပ်သည် သာသနာအားဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေးခုတုံးလုပ်ကာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် ပအိုဝ်းလူမျိုးများအကြား အထင်အမြင်လွဲမှားအောင်လုပ်ဆောင်သော လုပ်ရပ်သာဖြစ်သည်” ဟု KNDF ဗဟိုနှင့်သတင်းပြန်ကြား ရေးက ထုတ်ပြန်ထားသည်။

ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့  စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF ၊ KA ၊ PDF (Phekhon) ၊ PDF (Moe Bye) ၊ PNDF(KK) ၊ SSRY နှင့် အခြား မဟာမိတ်တပ်ပေါင်း စုများက ခုခံတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်းသို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ပင်လောင်းမြို့နယ်၊ ရှား တောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့မှ စစ်မျက်နှာလေးခုဖွင့်ကာ စစ်ကြောင်း ၁၂ ကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

အထူးသဖြင့် ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် KNDF ဗဟိုနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly