တရုတ်မြို့ကြီးများတွင် မတ်လဆန်းပိုင်းက အပူချိန် စံချိန်တင်မြင့်တက်ခဲ့

By Reuters
11 March 2023
တရုတ်မြို့ကြီးများတွင် မတ်လဆန်းပိုင်းက အပူချိန် စံချိန်တင်မြင့်တက်ခဲ့

တရုတ်နိုင်ငံရှိ အဓိကမြို့ကြီးတစ်ဒါဇင်ကျော်တွင် ယခုသီတင်းပတ်အတွင်း အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပြီး နိုင်ငံအလယ်ပိုင်း ဝူဟန်နှင့် ကျန်းကျိုးမြို့တို့သည် မတ်လဆန်းပိုင်း၌ ပုံမှန်ထက် ၁၀ ဒီဂရီစင်တီဂရိတ် (၁၈ ဒီဂရီ ဖာရင်ဟိုက်) အပူချိန်ပိုတိုးလာကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။ 

ယန်ဇီမြစ်ကြောင်း အလယ်ခန့်တွင်တည်ရှိသော ဝူဟန်မြို့တွင် မတ်လ ၆ ရက်က အပူချိန် ၂၆ စင်တီဂရိတ်ရှိခဲ့ပြီး  မတ်လဆန်းပိုင်းတစ်လျှောက် ပျမ်းမျှအပူချိန်ထက် ၁၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ကာ ပေကျင်းနှင့် အနီးတစ်ဝိုက်မြို့များတွင် ယခုသီတင်းပတ်အစောပိုင်းက အပူချိန် ၂၂ မှ ၂၅ စင်တီဂရိတ်အထိ ရှိခဲ့သည်။

တရုတ်တွင် ယမန်နှစ်က အပူချိန်လွန်ကဲသည့်လများ ရှိခဲ့ပြီး ယန်ဇီမြစ်ဝှမ်းတစ်ခုလုံးတွင် ရက်ပေါင်း ၇၀ ကြာ နွေရာသီမိုးခေါင်ရေရှားမှုအတွင်း အပူချိန် ၄၀ ဒီဂရီအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း မိုးလေဝသစခန်း ၂၆၇ က တိုင်းတာရရှိခဲ့သည်။ အဆိုပါ မိုးခေါင်ရေရှားမှုကြောင့် မီးလောင်မှုများနှင့် ကောက်ပဲသီးနှံ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ 

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် ၂၀၂၃ တွင် ပြင်းထန်သောရာသီဥတုနှင့် နောက် ၁ နှစ်ထပ်ကြုံရမည်ဖြစ်ကြောင်း တရုတ်မိုးလေဝသဌာနက သတိပေးထားသည်။
အဓိက ရေအားလျှပ်စစ်ထုတ်လုပ်ရာနေရာဖြစ်သည့် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် ဧပြီလအထိ မိုးခေါင်ရေရှားမှု ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားပြီး ယမန်နှစ် နိုဝင်ဘာလမှစ၍ ပုံမှန် ပျမ်းမျှမိုးရေချိန်အောက် ၆၀ ကျော် လျော့နည်းခဲ့သည်။

တရုတ်တွင် အကြီးမားဆုံး ရေချိုအိုင်နှင့် ယန်စီမြစ်အတွက် အဓိက ရေထွက်ပေါက်ဖြစ်သည့် ပိုယန်းမြို့သည် ယမန်နှစ်တွင် မိုးခေါင်ရေရှားမှုမှ ပြန်လည်နာလည်ထူခြင်းမရှိသေးဘဲ မတ်လ ၆ ရက်တွင် ရေပမာဏ ၇ မီတာအောက်သို့ စံချိန်တင် ကျဆင်းသွားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။

တရုတ်တွင် ဖေဖေါ်ဝါရီလတစ်လလုံး၏ ပျမ်းမျှအပူချိန်သည် ပုံမှန်ထက် ၁ ဒသမ ၆ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး ပျမ်းမျှမိုးရေချိန်သည် ပုံမှန်ထက် ၃ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း တရုတ်မိုးလေဝသတာဝန်ရှိသူများက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြုလုပ်ခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယန်ဇီမြစ်တောင်ဘက်ပိုင်း ဒေသအတော်များများတွင် စောစော နွေဦးပေါက်ကာ ရာသီဥတုပုံစံများ ပြောင်းလဲခဲ့ပြီး အချို့နေရာများတွင် ပုံမှန်ထက် ရက် ၂၀ စော၍ နွေဦးပေါက်ခဲ့သည်ဟု နိုင်ငံတော်မိုးလေဝသဌာနမှ ဒုတိယညွှန်ကြားရေးမှူး ကောင်ရွန်က ပြောကြားခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း လေဖိအားနည်းရပ်ဝန်းအခြေအနေများကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ပေကျင်း-တီယန်ကျင်း-ဟဲပေး ဒေသတစ်ခွင်လုံးတွင် မီးခိုးမြူများ ဖုံးလွှမ်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး အကြီးစားစက်မှုလုပ်ငန်းများကလည်း အရှိန်မြှင့် လည်ပတ်လျက်ရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly