ဒီမောဆိုအရှေ့ခြမ်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦးထက်မနည်းသေဟုဆို

By မောင်ခက်နွေ
11 March 2023
ဒီမောဆိုအရှေ့ခြမ်းဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦးထက်မနည်းသေဟုဆို

မဇ္ဈိမ။    ။ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့အရှေ့ခြမ်းဒေသတွင် မတ်လ ၁၀ ရက်နေ့က  တရက်တည်းတိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မတ်လ ၁၀ရက်နံနက်က
ဒီမောဆိုမြို့အရှေ့ခြမ်းဒေသသို့ စစ်ကောင်စီက ထိုးစစ်ဆင်လာရာ  ဒေါသဲရွာ၊ဒေါတမြေးရွာနှင့်ဒေါညေးခူရွာပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟုသိရသည်။

မတ်လ ၁၀ရက် နံနက် ၆ နာရီခန့်က
ဒေါသဲရွာအတွင်းတွင် ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊တိုက်ပွဲကြာချိန် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ(၁၄)ယောက် သေဆုံးကာ  ဒဏ်ရာရသူများလည်း ရှိကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့၏ ပြည်ထဲရေးတာဝန်ခံ ကိုညေးရယ် က မဇ္ဈိမကို ပြောသည်။

ထို့နောက် ဒေါတမြေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီတပ်နှင့်ကရင်နီတပ်မတော်တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။ ထိုတိုက်ပွဲတွင် ကရင်နီတပ်မတော်က စောင့်ကြို၍ ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖက်မှနှစ်ဦးသေဆုံးပြီး ကရင်နီတပ်မတော်ဘက်က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နံနက် ၁၀နာရီခန့်တွင်ဒီမောဆိုမြို့နယ်၊ဒေါတမကြီးအုပ်စု၊ဒေါညေးခူရွာ၏တောင်ဖက်တွင် ဘောလခဲဖက်မှ တက်လာသောစစ်ကောင်စီစစ်ကြောင်းကို ဒီမောဆိုမြိို့ပြပျောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။  စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်မှုရှိသော်လည်း သေဆုံးသူစာရင်းကို  အတိအကျမသိရှိရသေးကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်‌နေ့က တိုက်ပွဲသုံးကြိမ်တွင်  စစ်ကောင်စီတပ်သား ၁၆ ဦးအထက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ကရင်နီပြည်နယ်၊ ဒီမောဆိုအရှေ့ခြမ်းဒေသအတွင်း အာဏာသိမ်းစစ်တပ်က စစ်ကြောင်းသုံးကြောင်းဖြင့် နယ်မြေရှင်းလင်းရန်နှင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။  
စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်သို့၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ စစ်ဆင်ရေးနှင့်နယ်မြေရှင်းလင်းရေးပြုလုပ်နိုင်ရန်အတွက်   လူအင်အား၊ လက်နက်ခဲယမ်းအင်အားများကို ဖြည့်တင်းထားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဒီမောဆိုအရှေ့ဖက်ခြမ်းဒေသ၌   စစ်ဘေးရှောင်ဦးရေ  ၁၅၀၀၀ ကျော်အထိရှိလာပြီဖြစ်ပြီး နောက်ထပ်လည်း စစ်ရှောင်အရေအတွက် ထပ်မံတိုးမြှင့်လာဖွယ်ရှိနိုင်ကြောင်း ဒေသခံများကပြောသည်။

စာတည်း - မောင်ကြီး

#ကရင်နီပြည်နယ်
#ဒီမောဆိုမြို့အရှေ့ခြမ်းဒေသ
#တရက်တည်းတိုက်ပွဲသုံးကြိမ်ဖြစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required