တရုတ်ရှိ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများအပေါ် သမ္မတဘိုင်ဒင် စည်းမျဉ်းတင်းကျပ်မည်

By Associated Press
11 March 2023
တရုတ်ရှိ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများအပေါ် သမ္မတဘိုင်ဒင် စည်းမျဉ်းတင်းကျပ်မည်

တရုတ်၏ စစ်ရေးစွမ်းရည်ကို တိုးတက်စေမည့် နည်းပညာများ ရယူမှုကို ကန့်သတ်ရေးအတွက် အမေရိကန် ကုမ္ပဏီများ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်ရန် နီးစပ်နေပြီဖြစ်ကြောင်း အဆိုပါကိစ္စနှင့်အကျွမ်းဝင်သော အမေရိကန်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။

သမ္မတဂျိုးဘိုင်ဒင်က မကြာသေးမီထုတ်ပြန်တော့မည့် သမ္မတအမိန့်သည် တရုတ်၏ စစ်ဘက်ဆိုင်ရာ ဆုံးဖြတ် ချက်ချရာတွင် အရှိန်နှင့် တိကျမှုကို မြှင့်တင်ပေးနိုင်သည့် မျိုးဆက်သစ် စစ်ဘက်စွမ်းရည်များကဲ့သို့သော အဆင့်မြင့်နည်းပညာများတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံကို ကန့်သတ်လိမ့်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိက ပြောကြားခဲ့သည်။

ယင်းလုပ်ဆောင်ချက်သည် ကမ္ဘာစီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုဆိုးရွားလာချိန်တွင် တရုတ်၏ စစ်ရေးနှင့် နည်းပညာကဏ္ဍများကို ပစ်မှတ်ထားရန် အမေရိကန်အစိုးရ၏ နောက်ဆုံး ကြိုးပမ်းမှု ဖြစ်သည်။

လက်နက်များပြုလုပ်ရန်၊ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ရန်နှင့် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး၏ အရှိန်နှင့် တိကျမှုကို မြှင့်တင်ရန် အသုံးပြုနိုင်ဖွယ်ရှိသည့်  အဆင့်မြင့်ချစ်ပ်ပြားများကို တရုတ် မရရှိနိုင်စေရန် အမေရိကန်အစိုးရက အောက်တိုဘာလတွင် ပို့ကုန်ထိန်းချုပ်မှုများ ချမှတ်ခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့ဝင်များသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းသစ်များ ရေးဆွဲရာတွင် မဟာမိတ်များနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

တရုတ်ရှိ အမေရိကန်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများကို ဆန်းစစ်ရန် ကြိုးပမ်းနေသော်လည်း ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်နေကြောင်း အစိုးရတာဝန်ရှိသူများက စီးပွားရေးအသိုင်းအဝိုင်းအား အသိပေးခဲ့သည်။

အမေရိကန်ဝေဟင်တွင် ဖေဖော်ဝါရီလက ဖြတ်သန်းသွားသော တရုတ်သူလျှိုမိုးပျံပူဖောင်း ပစ်ချခံရပြီးနောက် တင်းမားနေသော နှစ်နိုင်ငံဆက်ဆံရေးသည် မကြာသေးမီရက်သတ္တပတ်များအတွင်း ပိုမိုဆိုးရွားလာခဲ့သည်။

တရုတ်က ယူကရိန်းစစ်ပွဲအတွက် ရုရှားအား လက်နက်များ ထောက်ပံ့ရန် ချင့်ချိန်နေသည်ဆိုသော စိုးရိမ်စရာ ကောင်းသည့် ထောက်လှမ်းရေးအဖွဲ့၏တွေ့ရှိချက်များကို အမေရိကန်အစိုးရက လူသိရှင်ကြားထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly