ကွာလာလမ်ပူ၊ ဇွန်-၃၀ ။ ။ တရုတ်ဦးဆောင်သော အာရှ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank-AIIB)ရဲ့ သဘောတူချက်ပါ အချက်အလက်များကို လက်မှတ်ထိုးရန် ကျန်ရှိနေသေးသည့် အဖွဲ့ဝင်၇ နိုင်ငံ၏ အစိတ်အပိုင်းအနေနဲ့ မလေးရှားက အဖွဲ့ဝင်ဖို့ကို ဆိုင်းငံ့ထားလိုက်သည်။
ယမန်နေ့ (ဇွန်၂၉)က အလားအလာရှိသော ထူထောင်အဖွဲ့ဝင် ၅၇နိုင်ငံအနက် ၅၀က ပေကျင်းမှ ပြည်သူ့မဟာခန်းမဆောင်တွင် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြသည်။ကျန်ရှိနေသေးသည့် ၇နိုင်ငံက ၎င်းတို့၏ ပြည်တွင်းလုပ်ငန်းစဉ်များကို အဆုံးသတ် ပြီးလျှင်ယခုနှစ်ကုန်ပိုင်းလောက်တွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြမှာဖြစ်သည်ဟုဆိုသည်။
ဤလက်မှတ်ထိုးပွဲက နှစ်ကုန်ပိုင်းလောက်တွင် ဘဏ်ကို တရားဝင်တည်ထောင်နိုင်ရန် ပြင်ဆင်သည့်နောက်တစ်ဆင့်အတွက် လမ်းခင်းလိုက်ခြင်းပင်ဖြစ်ပြီး၊ ဘဏ်ကို စောနိုင်သမျှအစောဆုံး လည်ပတ်အလုပ်လုပ်စေမည်ဟု တရုတ်ဘဏ္ဍာရေးဝန်ကြီး လျူ ကျိဝေက ပြောကြားခဲ့သည်။
‘AIIB ကို ၂၁ရာစုရဲ့ ပရိုဆန် စွမ်းဆောင်ရည်မြင့်မားတဲ့ နိုင်ငံစုံဖွံ့ဖြိုးမှု ဘဏ်အသစ်တစ်ခုအဖြစ် အတူတကွ တည်ဆောက်ကြပါ စို့’’ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်ဦးဆောင်သည့် ပေကျင်းအခြေစိုက် ဤဘဏ်ကြီး၏ သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို ထူထောင်အဖွဲ့ဝင်နိုင်ငံ များမှ သံအမတ်များ၊ ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိကြီးများ ကိုယ်စားပြု တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
တရုတ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြိး ဇိုင်နက်ဒင်း ယာဟွာက မလေးရှားနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သည်။
အလားအလာရှိသော ထူထောင်အဖွဲ့ဝင်နိုင်ငံများထဲတွင် ရုရှ၊ ယူကေ၊ သြစတြေးလျ၊ ဥရောပနိုင်ငံတစ်ချို့နှင့် အရှေ့တောင် အာရှနိုင်ငံအားလုံး ပါဝင်နေသည်ဟုဆိုသည်။