ချင်းအမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခြင်းမဟုတ်ပါ

ချင်းအမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခြင်းမဟုတ်ပါ

မဇ္ဈိမ။    ။ချင်းအမျိုးသားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) ပူဟောက်ခွါဇမ်း လေကြောင်းမှတိုက်ခိုက်မှုကြောင့် သေဆုံး သည်ဆိုသောသတင်းများ ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။ 

အသန်း (ICG)အမည်ဖြင့် တယ်လီဂရမ်ချန်နယ်မှ “Pu Hau Khaw Zam ဆိုတဲ့ CNO/CNDF က ဒုဥက္ကဋ္ဌ တော့ Air Strike မှာ သေချင်းဆိုးနဲ့သေသွားပြီ” ဟု(မူရင်းအရေးအသားအတိုင်း)ရေးသားကာ မတ်လ ၉ ရက်နေ့တွင် ဖြန့်ဝေခဲ့သည်။ 

ယင်းသတင်းအား The Fighters Media နှင့် Kyaw Win Maung ချန်နယ်များမှ ပြန်လည်ဖြန့်ဝေထားပြီး စုစုပေါင်းကြည့်ရှုသူ ၁၃,၀၀၀ နီးပါးရှိခဲ့သည့်အပြင် ဖေ့စ်ဘုတ်၌လည်း ပျံ့နှံ့လျက်ရှိသည်။ 

မဇ္ဈိမမှအချက်အလက်စစ်ဆေးခဲ့ရာ ချင်းအမျိုးသားအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ(၁) ပူဟောက်ခွါဇမ်းမှာ မတ်လ ၇ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း CNO-Regional Committee India ဖေ့စ်ဘုတ်စာမျက်နှာမှ ချင်း ဘာသာဖြင့် ရေးသားဖော်ပြထားသည်။ သေဆုံးရသည့်အကြောင်းရင်းမှာ နေပြန်ကောင်းခါစတွင် ရေချိုး မှားခြင်းကြောင့်ဟု ဖော်ပြထားသည်။ မူရင်းလင့် - https://bit.ly/3kYyWoj 

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ၏ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင်လည်း “ကျန်းမာရေးအခြေအနေကြောင့်ပေါ့။ အရင်ကတည်းကလည်း ကျန်းမာရေး သိပ်မကောင်းဘူး။ ညီလာခံလုပ်ပြီးနောက်ပိုင်းမှာ အခြေအနေပိုမကောင်းခဲ့တာပေါ့။ ဆေးရုံ ကို ခြောက်လကျော် ရှစ်လလောက် ထားလိုက်ရတယ်။ Air Strike ကြောင့်တော့ မဟုတ်ဘူး၊ ကျန်းမာရေး ကြောင့်ပါ”ဟု မဇ္ဈိမသို့ ပြောကြားသည်။ 

ယင်းအကြောင်းဖြန့်ဝေထားသည့်ချန်နယ်များထဲတွင် The Fighters Media တယ်လီဂရမ်ချန်နယ်သည် မတ်လ ၉ ရက်နေ့၌ “CNO/CNDF ဒု-ဥက္ကဋ္ဌ ခေါင်းဆောင် နှလုံးသွေးကြောရပ်သေဆုံး” ဟု ပြန်လည် ဖော်ပြထားသော်လည်း သတင်းအမှားနှင့်ပတ်သက်၍ ဖြေရှင်းထားခြင်းမရှိပေ။ 

ထို့ကြောင့် CNO/CNDF ဒု-ဥက္ကဋ္ဌ လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ဘဲ ကျန်းမာရေးအခြေအနေကြောင့် သေဆုံးခြင်းသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

#Misinformation_Buster
#Fake_News
#CNO/CNDF
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required