တရုတ်နိုင်ငံတွင်းရှိ နိုင်ငံခြားသတင်းထောက်များ တရားဝင်တားဆီးပိတ်ပင်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ဗီဇာကြန့်ကြာ မှုများ ကြုံတွေ့နေရ

By RFA
10 March 2023
တရုတ်နိုင်ငံတွင်းရှိ နိုင်ငံခြားသတင်းထောက်များ တရားဝင်တားဆီးပိတ်ပင်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ဗီဇာကြန့်ကြာ မှုများ ကြုံတွေ့နေရ

တရုတ်တွင် နိုင်ငံခြားသတင်းထောက်များသည် အကြိမ်ကြိမ်နှင်ထုတ်ခံရခြင်းနှင့် ဗီဇာမရခြင်းစသည့် အနှောင့်အယှက်များအပြင် လုပ်ငန်းခွင်တွင် အစိုးရ၏ နှောင့်ယှက်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရကြောင်း စစ်တမ်းသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်တွင် ဒီဇင်ဘာလက ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်သော်လည်း တိုးတက်မှုအလားအလာ မရှိခဲ့သလို ၂၀၂၂ ခုနှစ်သည် တရုတ်နိုင်ငံခြားသတင်းထောက်များအသင်းမှ သတင်းထောက်များအတွက်  နောက်ထပ် ခက်ခဲပင်ပန်းသည့်နှစ် ဖြစ်ခဲ့ကြောင်း ၎င်းတို့၏ လုပ်ငန်းခွင်အခြေအနေ နှစ်ပတ်လည်စစ်တမ်းတွင် ဖော်ပြထားသည်။

"တရုတ်နိုင်ငံအကြောင်းသည် မိမိတို့ခေတ်၏ အရေးအပါဆုံး အကြောင်းအရာများအနက် တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ကပ်ရောဂါ စတင်ချိန်မှစ၍ တရုတ်နိုင်ငံတစ်ဝန်းတွင် သတင်းလွတ်လပ်ခွင့်များ အလွန်အမင်း ကျဆင်းသွားသဖြင့် တိုးတက်မှုအခြေအနေကို စောင့်ကြည့်ရဦးမည်" ဟု အစီရင်ခံစာက ဆိုသည်။

ကိုဗစ်ကန့်သတ်ချက်များကြောင့် နိုင်ငံခြားသတင်းထောက် အများစုမှာ မြေပြင်ခရီးသွားလာမှု နည်းပါးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အတွင်းကျကျသတင်းများကို ရေးသားတင်ဆက်နိုင်မှုအားနည်းခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

စစ်တမ်းတွင် နိုင်ငံနှင့် ဒေသပေါင်း ၃၀ မှ သတင်းအဖွဲ့အစည်းများအတွက် လုပ်ဆောင်နေသည့် သတင်း ထောက်များ ပါဝင်သော်လည်း စစ်တမ်းကောက်ယူချိန်တွင် ၁၀ ဦးတွင် တစ်ဦးမှာ ဗီဇာအခက်အခဲကြောင့် တရုတ်နိုင်ငံပြင်ပတွင် အခြေစိုက်နေရသည်ဟု ဆိုသည်။

တရုတ်တွင် ဒီဇင်ဘာလအထိ အာဏာရကွန်မြူနစ်ပါတီမှ ထည့်သွင်းခိုင်းထားသည့် ကိုဗစ်-၁၉ စောင့်ကြည့်ရေးနှင့် ခြေရာခံအက်ပ်ပလီကေးရှင်းကြောင့် သတင်းလိုက်ရာတွင် အတားအဆီးများ ကြုံ့တွေ့ခဲ့ရကြောင်း စစ်တမ်းဖြေဆိုသူ ၄၇ ရာခိုင်နှုန်းက ပြောသည်။

လူတွေ့မေးမြန်းရမည့်သူကို အာဏာပိုင်များက နှောင့်ယှက်ခြင်းကြောင့် တွေ့ဆုံမေးမြန်းမှုအစီအစဉ်များကို မကြာခဏ ပယ်ဖျက်ရကြောင်း ပေကျင်းအခြေစိုက်နိုင်ငံခြားသတင်းဌာန သတင်းထောက်တစ်ဦးက ပြောသည်။

ပေကျင်းအခြေစိုက် နိုင်ငံခြားသားသတင်းထောက်တစ်ဦးက တရုတ်တွင် သူမသွားလေရာသို့ သူစိမ်းများက နောက်ယောင်ခံလိုက်ပြီး  နေရာအတော်များများတွင် ဗီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ပြောပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly