ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသတွင် ကျောင်းသူများနှင့် ဆရာမများ ခေါင်းမြီးခြုံပဝါ မဖြစ်မနေ ဝတ်ဆင်ရမည်

By ANI 
10 March 2023
ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသတွင် ကျောင်းသူများနှင့် ဆရာမများ ခေါင်းမြီးခြုံပဝါ မဖြစ်မနေ ဝတ်ဆင်ရမည်

ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီဦးဆောင်သော အစိုးရသည် ပါကစ္စတန်ကသိမ်းပိုက်ထားသော ကက်ရှ်မီးယားရှိ အမျိုးသားနှင့်အမျိုးသမီးအတူတက်ခွင့်ရှိသည့် ကျောင်းများတွင် ကျောင်းသူများနှင့် ဆရာမများအနေဖြင့် ခေါင်းမြီးခြုံပဝါ မဖြစ်မနေ ဝတ်ဆင်ရန် အမိန့်ထုတ်ပြန်လိုက်သည်။ 

ယင်းအမိန့်ကို ဖောက်ဖျက်ကျူးလွန်လျှင် ကျောင်းမှတာဝန်ရှိ အကြီးအကဲကို အရေးယူမည်ဖြစ်ကြောင်း Samaa သတင်းတွင် ဖော်ပြထားသည်။

ဆာဒါတန်ဗီးယားဦးဆောင်သော ပါကစ္စတန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ပြည်တွင်း သတင်းထောက်များက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ အမျိုးသမီးများကို ရွေးချယ်ခွင့် ပေးသင့်သည်ဟု သတင်းထောက် မာရီယာနာ ဘာအာဘာက တွစ်တာတွင် ရေးသားခဲ့သည်။ 

သတင်းထောက် မာတာဇာဆိုလန်ဂီက ပါကစ္စတန်အစိုးရ၏ ဆုံးဖြတ်ချက်ကို အာဖဂန်တာလီဘန်၏ ဆုံးဖြတ်ချက်နှင့် နှိုင်းယှဉ်ပြခဲ့သည်။ အာဖဂန်နစ္စတန်တွင်လည်း လူမြင်ကွင်း၌ အမျိုးသမီးများ ခေါင်းမြီးခြုံပဝါ မဖြစ်မနေဝတ်ဆင်ရမည်ဖြစ်ကြောင်း တာလီဘန်က ယမန်နှစ်က အမိန့်ထုတ်ပြန်ခဲ့သည်။ 

"အရင်ဆုံး အာဖဂန်တာလီဘန်က အီမရန်ခန်း ပြောခဲ့သလို ကျွန်ပြုတဲ့ သံခြေချင်းတွေ ဖြုတ်ပေးလိုက်ပြီ လို့ပြောခဲ့တယ်။ အခု သူ့နောက်လိုက်ကလည်း ပါကစ္စတန်ပိုင် ကက်ရှ်မီးယားမှာ ကျွန်ပြုတဲ့ သံခြေချင်းတွေ ဖြုတ်ပေးလိုက်ပြီလို့ ပြောနေပြန်ပြီ” ဟု ဆိုလန်ဂီက ပြောကြားခဲ့သည်။ 

ဖက်ဆစ်ပါတီ တက်ကြွလှုပ်ရှားသူတစ်ဦးကဲ့သို့ ပြုမူနေသည့် ပါကစ္စတန် သမ္မတ အာရစ်ဖ် အယ်ဗီအနေဖြင့် ပါကစ္စတန်ပိုင် ကက်ရှ်မီးယားတွင် မိမိအစိုးရက တာလီဘန်ပုံစံ အုပ်ချုပ်နေပုံကို ဖြေရှင်းချက်ပေးရမည်ဟု ဆိုလန်ဂီက ပြောသည်။

ထို့ပြင် မူဇာဖာရာဘတ်မြို့ အပါအဝင် ပါကစ္စတန်က သိမ်းပိုက်ထားသော ကက်ရှ်မီးယား၏ နေရာအတော်များများတွင် ကြိတ်ခွဲစက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိတ်သိမ်းထားမှုကြောင့် မိသားစုများစွာ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရကြောင်း ပါကစ္စတန်ဘာသာဖြင့် ထုတ်ဝေသည့် Siasat စာစောင်တွင် မကြာသေးမီက ဖော်ပြခဲ့သည်။

သဘာဝပတ်ဝန်းကျင်နှင့် တွင်းထွက်သယံဇာတ ဌာနများ၏ ဖွံ့ဖြိုးရေးနှင့် ကြိတ်ခွဲစက်လုပ်ငန်းဆိုင်ရာ တားမြစ်ချက်များကြောင့် ပါကစ္စတန်က သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသတွင် လူထောင်ပေါင်းများစွာသည် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ပြီး ဒုက္ခရောက်နေကြရကြောင်း Siasat သတင်းတွင် ဖော်ပြထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly