ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၂ နှစ်မြောက်အထိမ်းအမှတ် ချီတက်

By ပါခွီး (မဇ္စျိမ)
10 March 2023
ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၂ နှစ်မြောက်အထိမ်းအမှတ် ချီတက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများမှ ဆန္ဒပြချီတက်မှု နှစ်နှစ်မြောက် အဖြစ် မတ်လ ၉ရက် နေ့တွင် ဒေသတွင်းရှိ သပိတ်စစ်ကြောင်းများနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ချီတက်ခဲ့ကြသည်။ 

နှစ်နှစ်မြောက် အထိမ်းအမှတ် ချီတက်ပွဲတွင် အမျိုးသမီးမဟာမိတ် အင်အားစု (WAB) ၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်း ၊ တောင်ပုသွေး သပိတ်စစ်ကြောင်း ၊ ရွှေဥက္ကံ သပိတ်စစ်ကြောင်း ၊ ယင်းမာပင်မြောက်ခြမ်းကျေးရွာ သပိတ်စစ်ကြောင်းမှ ဦးဆောင်သူများနှင့် ပြည်သူများ ပူးပေါင်းချီတက်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။ 

လူထုစစ်ကြောင်းများသည် ထိုင်သပိတ်အခမ်းအနားပြုလုပ်ခဲ့ပြီး WAB ရဲဘော်တစ်ဦးမှ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေးဆိုင်ရာများဟောပြောခဲ့ပြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်တစ်ဦးမှ ချင်းအမျိုးသားတပ်ဦး (CNF) မှ ပေးပို့ လာသည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ 

ဆက်လက်ပြီး နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့သည့် ရဲဘော်များကို ဦီးညွှတ်အလေးပြုကြပြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုလွမ်းသူ မှ နိုင်ငံရေးနှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့သည်။ 

ရွာပေါင်းစုံ သပိတ်စစ်ကြောင်း နှစ် နှစ်ပြည့်ချီတက်ပွဲအခမ်းအနားကို သွေးသစ္စာသီချင်း သံပြိုင်သီဆိုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးကာ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည်  ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required