တရုတ်တွင် ၃ နှစ်အတွင်း အလုပ်လုပ်ကိုင်သူဦးရေ  ၄၁ သန်းကျော် ကျဆင်း

By Financial Post
10 March 2023
တရုတ်တွင် ၃ နှစ်အတွင်း အလုပ်လုပ်ကိုင်သူဦးရေ  ၄၁ သန်းကျော် ကျဆင်း

တရုတ်တွင် အလုပ်လုပ်ကိုင်သူဦးရေသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း ၄၁ သန်းကျော် ကျဆင်းသွားခဲ့ပြီး ကိုရို နာဗိုင်းရပ်ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုနှင့် အလုပ်လုပ်နိုင်သော အသက်အရွယ်ရှိ လူဦးရေ ကျဆင်းလာမှုကို ဖော်ပြနေသည်။

တရုတ်နိုင်ငံသား ၇၃၃ ဒသမ ၅ သန်းခန့်ကို ၂၀၂၂ ခုနှစ်တွင် အလုပ်ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းဗျူရိုက ဖော်ပြခဲ့သည်။ 

အဆိုပါကိန်းဂဏန်းသည် ၂၀၁၉ ခုနှစ်က အလုပ်လုပ်သူဦးရေ ၇၇၄ ဒသမ ၇ သန်းရှိရာမှ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ထိုကာလအတွင်း ကျဆင်းသွားသည့် လုပ်သားအရေအတွက်သည် ၂၀၂၁ ခုနှစ်က ဂျာမနီလုပ်သားအင်အားဖြစ်သော ၄၄ သန်းခန့်နီးပါးရှိကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့သည်။ 
တရုတ်တွင် အသက် ၁၆ နှစ်မှ ၅၉ နှစ်ကြား လူဦးရေသည် ၂၀၁၂ ခုနှစ်နောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာ ခဲ့သည်။

ယင်းအသက်အရွယ်ကြားရှိ အရေအတွက်သည် လွန်ခဲ့သည့် ၃ နှစ်အတွင်း ၃၈ သန်းကျဆင်းသွားပြီး ၈၅၇ ဒသမ ၆ သန်းထိရောက်ရှိခဲ့ကာ ယခင်နှစ်များထက် ပိုမိုလျင်မြန်စွာ ကျဆင်းသွားခဲ့သည်။

လူဦးရေအချိုးအစားပြောင်းလဲမှုသည် ၂၀၂၂ ခုနှစ် အလုပ်အကိုင်ကျဆင်းမှု၏ အဓိကအချက်ဖြစ်ကြောင်းနှင့် တရုတ်တွင် အသက် ၆၀ ပြည့်ပြီးသော ပုံမှန်အငြိမ်းစားယူသည့် လူဦးရေမှာ  သိသိသာသာတိုးလာကြောင်း ပီကင်းတက္ကသိုလ်မှ လုပ်သားဆိုင်ရာစီးပွားရေးပညာရှင် လုဖန်က ပြောသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များ အဆုံးသတ်ခြင်းနှင့် ကူးစက်မှု သိသိသာသာကျဆင်းခြင်းကြောင့် တရုတ် စီးပွားရေးတိုးတက်မှုသည် ၂၀၂၃ ခုနှစ်တွင် အရှိန်မြှင့်တက်လာမည်ဟု မျှော်လင့်ရသည်။

“လုပ်သားအင်အားထဲ လူတွေ ပြန်ဝင်လာကြပြီဖြစ်လို့  တရုတ်နိုင်ငံရဲ့ အလုပ်လုပ်ကိုင်သူ ဦးရေဟာ ၂၀၂၃ ခုနှစ်မှာ မြင့်တက်လာမှာပါ။  အသက်အရွယ်ကြီးသူဦးရေများလာတဲ့အတွက်  လူဦးရေအချိုးအစားဖွဲ့စည်းပုံအရက အကျဘက်မှာ ဆက်ရှိနေဦးမှာပါ” ဟု Macquarie ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှ တရုတ်စီးပွားရေးပညာရှင် လယ်ရီဟူက ပြောသည်။

တရုတ်နိုင်ငံတွင် ပျမ်းမျှသက်တမ်းရှည်လာသော်လည်း  ဉာဏလုပ်သားများအတွက် အငြိမ်းစားယူသည့် အသက်အရွယ်မှာ အမျိုးသား ၆၀ နှစ်နှင့် အမျိုးသမီးများ ၅၅ နှစ် ဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်သည်အထိ မပြောင်းလဲသေးပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly