တရုတ်နိုင်ငံက ယခင် ဆိုဗီယက်ပြည်ထောင်စုကဲ့သို့ ရဲတပ်ဖွဲ့ဩဇာကြီးသောနိုင်ငံ ဖြစ်လာ

By ANI 
10 March 2023
တရုတ်နိုင်ငံက ယခင် ဆိုဗီယက်ပြည်ထောင်စုကဲ့သို့ ရဲတပ်ဖွဲ့ဩဇာကြီးသောနိုင်ငံ ဖြစ်လာ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၎င်း၏ တိုက်ရိုက်ချုပ်ကိုင်မှုအောက်တွင် လုံခြုံရေးယန္တရားကို ထားရှိလိုသောကြောင့် တရုတ်သည် ယခင်ဆိုဗီယက်ယူနီယံကဲ့သို့ ရဲတပ်ဖွဲ့ကြီးစိုးသည့်နိုင်ငံတစ်ခု ဖြစ်လာကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Nikkei Asia သတင်းစာတွင် ဖော်ပြထားသည်။

ပါတီဗဟိုကော်မတီတွင် အခရာကျသည့် ရှီ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ထားရှိမည့် ရဲတပ်ဖွဲ့နှင့် ပြည်နယ်လုံခြုံရေးအဖွဲ့သစ်များ ထူထောင်နိုင်ခြေအပေါ် စိုးရိမ်ကြောင်း သတင်းရင်းမြစ်များက ထုတ်ဖော်ပြောကြားခဲ့သည်။

ရှီကျင့်ဖျင်သည် နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများကို သမားရိုးကျ လုံးဝမဟုတ်သည့် မူဘောင်နှင့်အညီ တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Nikkei Asia က ဖော်ပြခဲ့သည်။ 

“ကျေးလက်ဒေသတွေ ပါဝင်မယ်ဆိုရင် လုံခြုံရေးအဖွဲ့ဝင် ၂ ဆတိုးလာနိုင်ပါတယ်။ ကွန်မြူနစ်ပါတီရဲ့ နောက်တစ်ကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပမယ့် ၂၀၂၇ ခုနှစ်မတိုင်မီ အဲဒီလို အဖွဲ့အစည်းမျိုး ထူထောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်များက ဆိုသည်။
တရုတ်နိုင်ငံသည် လာမည့် ၄ နှစ်မှ ၅ နှစ်အတွင်း ယခင် ဆိုဗီယက်ပြည်ထောင်စုကဲ့သို့ ဖြစ်လာနိုင်သည်ဟု သတင်းရင်းမြစ်များက ယုံကြည်နေကြကြောင်း Nikkei Asia တွင် ဖော်ပြထားသည်။ 

ရဲတပ်ဖွဲ့ကို ကြီးကြပ်ကွပ်ကဲရသည့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် သူလျှိုများကို ရှာဖွေရသည့် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနတို့ကို တရုတ်အစိုးရဖြစ်သော နိုင်ငံတော်ကောင်စီမှ သီးခြားခွဲထုတ်သွားမည်ဖြစ်ပြီး ပြည်ထဲရေးရာဗဟိုကော်မတီ ဟုခေါ်သည့် အဖွဲ့အစည်းသစ်အဖြစ် ပါတီလက်အောက်တွင် ထားရှိသွားမည်ဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် တရုတ်ဘာသာဖြင့်ထုတ်ဝေသည့် Ming Pao သတင်းစာ က မကြာသေးမီက ဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန် ဗဟိုအစိုးရက ဦးစီးသည့် တရားဝင်ပြည်သူ့လုံခြုံရေးနှင့် ရဲအဖွဲ့အစည်းများတွင်သာ တာဝန်ရှိသည် မဟုတ်ပေ။ ပြည်သူများ၏ တည်ငြိမ်အေးချမ်းရေးကို ကိုင်တွယ်ဆောင်ရွက်ရန် ဒေသန္တရ အစိုးရများကလည်း တပ်ဖွဲ့များ ထူထောင်ထားသည်။ လမ်းများပေါ်ရှိ  လိုင်စင်မဲ့ဆိုင်များကို ဖယ်ရှားခြင်းသည် အဆိုပါအဖွဲ့များ၏ လုပ်ဆောင်ချက် နမူနာ ဖြစ်သည်။ 

ပါတီ၏နိုင်ငံလုံးဆိုင်ရာညီလာခံ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာပြည်သူ့ညီလာခံကဲ့သို့သော အခမ်းအနားကြီးများတွင် စေတနာ့ဝန်ထမ်းဟူသော စာတန်းပါ အကျီများနှင့် လက်ပတ်များကို ဝတ်ဆင်ထားသည့် ယာယီအုပ်ချုပ်ရေး ဝန်ထမ်းများ ပေါ်လာလေ့ရှိသည်။
ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့များသည် ပြည်သူ့လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ အဖွဲ့အစည်းများထက် အဖွဲ့ဝင် ပိုများသည်ဟု ယူဆရကြောင်း Nikkei Asia တွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် တရုတ်စစ်တပ်၏ နှစ် ၁၀၀ ရည်မှန်းချက်များပြည့်မီရန် ရည်မှန်းထားပြီး၊ အခြေခံအားဖြင့် ၂၀၃၅ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီရေးဆောင်ရွက်ပြီး ၂၁ ရာစုအလယ်ပိုင်းတွင် ကမ္ဘာ့အဆင့်မီ တပ်ဖွဲ့များအဖြစ် အပြီးသတ်တည်ထောင်သွားရန် ရည်မှန်းထားကြောင်း Xinhua သတင်းဌာက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly